ဤလမ်းညွှန်စာအုပ်တစ်အုပ်လုံးတွင် စံတန်ဖိုးအကြောင်း အထူးသဖြင့် ခွဲခြားဆက်ဆံမှုမရှိစေရေး အကြောင်း ပြောခဲ့ပါသည်။ ”ခွဲခြားဆက်ဆံမှုမရှိစေရေး” ဆိုသည်မှာ မည်သည်ကိုဆိုလိုကြောင်း သိရှိနားလည်ရန် အရေးကြီးပြီး ခွဲခြားဆက်ဆံမှု မပြုလုပ်စေရေးနှင့် ခွဲခြားဆက်ဆံသည့် အပြုအမူများအား လက်မခံစေရေး အတွက် မည်သို့သောအခြေအနေများတွင် လူများ ခွဲခြားဆက်ဆံမှု ပြုလေ့ရှိကြောင်းကို ဖော်ထုတ် ရန်လိုအပ်ပါသည်။
အခြားအရေးကြီးသည့် စံတန်ဖိုးမှာ မတူကွဲပြားမှုဖြစ်ပါသည်။ မြန်မာနိုင်ငံသည် မတူကွဲပြားသည့် တိုင်းရင်းသား လူမျိုးစုများ တည်ရှိနေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည် - ဘာသာ၊ ယဉ်ကျေးမှု ကွဲပြားခြားနားသည့် တိုင်းရင်းသားလူမျိုးစုပေါင်း၁၃၀ ကျော် ရှိပါသည်။ တူညီသည့် တိုင်းရင်းသားလူမျိုးစုထဲမှာပင် ယဉ်ကျေးမှု ထုံးတမ်းစဉ်လာကွဲပြားနိုင်ပါသည်။ ကျွနု်ပ်တို့သည် မတူ ကွဲပြားမှု၏ အလှတရားကို သိမြင်ရန်လိုအပ်ပြီး ၎င်းကို အားသာချက်အဖြစ်ရှုမြင်နိုင်ကြရန် သင်ယူကြရပါမည်။ ကျွနု်ပ်တို့နှင့် မတူညီသည့် လူမျိုးစုထဲမှ လူများအား သံသယရှိနေကြမည့်အစား ၎င်းတို့အားယုံကြည်ရန် သင်ယူကြဖို့ လိုအပ်ပါသည်။ နိုင်ငံ ရေးသမားတစ်ယောက်အနေဖြင့် သင်သည် လူအများ နိုင်ငံရေးသမားများကို မယုံကြည်ကြသည်ကို သိရှိမည်ဖြစ်ပါသည်။ အထူးသဖြင့် အထွေထွေရွေးကောက်ပွဲနီးကပ်လာသည့်အခါ နိုင်ငံရေးသမားများသည် အပြစ်တင်ခံကြရပါသည်။ ကျွနု်ပ်တို့ သည် အတွေးအခေါ်များကို ပြောင်းလဲရန် လိုအပ်ပါသည် - မတူကွဲပြားမှုကို ခြိမ်းခြောက်မှုအဖြစ် မရှုမြင်ပဲ ၎င်း၏ တန်ဖိုးကို နားလည်ရန် သင်ယူကြရပါမည်။နိုင်ငံရေးသမား တစ်ယောက်သည် အဆိုပါ ယုံကြည်မှုတည်ဆောက်ရာတွင် စံနမူနာပြအဖြစ် ပြုမူနေထိုင်နိုင်ပါသည်။
မြန်မာနိုင်ငံသည် ကြီးမားပြီး မတူကွဲပြားမှုများ ရှိသည့်အလျောက် ကျွန်ုပ်တို့သည် လိုက်လျောညီထွေ နေထိုင်နိုင်ရန်လိုအပ်ပါ သည်။ လိုက်လျောညီထွေရှိမှုသည် ဖွံ့ဖြိုးတိုးတက်မှု၏အဓိကအချက်ဖြစ်ပြီး ၎င်းသည် ကျား၊ မ တန်းတူညီမျှမှုရှိစေရေးအတွက် လိုအပ်သည့် အချက်ဖြစ်ပါသည်။
ကံမကောင်းစွာပင် မြန်မာနိုင်ငံသည် အလွန်တည်ငြိမ်မှုမရှိသည့်နိုင်ငံတစ်ခုဖြစ်နေပါသည် (၁၇၈ နိုင်ငံထဲတွင် ၂၂ နိုင်ငံမြောက် ဖြစ်သည်)။ လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးအကြား ပဋိပက္ခများ (တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား၊ တပ်မတော် နှင့် ဒေသတွင်း ပဋိပက္ခများ) နှစ်ပေါင်းများစွာ ဖြစ်ပွားခဲ့ကြပါသည်။ ၎င်းအချက်က ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအတွက် ကြီးမားသည့် ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်စေပါသည်။ သို့ရာတွင် နိုင်ငံ၏ တနေရာရာ၌ ပဋိပက္ခများ မည်သို့ပင်ဖြစ်ပွားစေကာမူ ပဋိပက္ခများ ရပ်တန့်စေရေးမှာ မြန်မာနိုင်ငံရှိ နိုင်ငံရေးသမားတိုင်း စိတ်ထဲတွင် ထားရှိရမည့်ရည်မှန်းချက်တစ်ရပ်ဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ နိုင်ငံရေးသမားတစ်ယောက်သည် ပဋိပက္ခကို ကောင်းစွာသဘောပေါက်နားလည်မှုရှိသည့် မှန်ကန်သည့် ချဉ်းကပ်မှုကို သင်ယူရန် လိုအပ်ပါသည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ကြေညာချက် ၁၃၂၅
၂၀၀၀ ပြည့်နှစ်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာကြေညာချက် ၁၃၂၅ ကို ချမှတ်ခဲ့ပါသည်။ ၎င်းနောက်တွင် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးနှင့် သက်ဆိုင်သည့်အခြား ကြေညာ ချက်များဖြစ်သော (ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကြေညာချက် ၁၈၂၀၊ ၁၈၈၈၊ ၁၈၈၉၊ ၁၉၆၀၊၂၁၀၆၊ ၂၁၂၂ နှင့် ၂၂၄၂) တို့ကို ချမှတ်ခဲ့ပါသည်။ ရည်ရွယ်ချက်များမှာ ပဋိပက္ခအတွင်း အမျိုးသမီးများ၏အသံကိုနားထောင်ပေးရန်၊ စစ်ပွဲနှင့် ပဋိပက္ခ များအတွင်း ကျား၊ မ အခြေပြုအကြမ်းဖက်မှု ရပ်တန့်စေရန်၊ ငြိမ်းချမ်းရေးညှိနှိုင်းဆွေးနွေးပွဲများတွင် အမျိုးသမီးများ ပါဝင် စေရန်၊ လူတိုင်းအကျုံးဝင်သော ဒီမိုကရေစီနည်းလမ်းကျသည့်ငြိမ်းချမ်းရေးဆောင်ရွက်မှု လုပ်ငန်းစဉ်များ ဖန်တီးရန်နှင့် ပိုမို၍ တန်းတူညီမျှမှုရှိသော ငြိမ်းချမ်းရေး သဘောတူညီချက်များ ရေးဆွဲရန် စသည်တို့ဖြစ်ပါသည်။
နိုင်ငံအတော်များများတွင် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ နိုင်ငံအဆင့် လုပ်ငန်းစီမံချက်များ ရေးဆွဲခဲ့ကြပါ သည်။ မြန်မာနိုင်ငံတွင်မူ ယခုအချိန်ထိမရှိသေးပါ။ သို့ရာတွင် နိုင်ငံအဆင့် လုပ်ငန်းစီမံချက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် ကြေညာချက် ၁၃၂၅ နှင့် ၎င်း၏ ဆက်စပ် ကြေညာချက်များကိုလိုက်နာကြရမည် ဖြစ်ပါ သည်။
မြန်မာနိုင်ငံ၏ လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် သင့်အနေဖြင့် ပါဝင်ရန် အခွင့်အလမ်းရရှိသည်ဆိုပါကကျေးဇူးပြု၍ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ လုပ်ငန်းအစီအစဉ်ကို ဆောင်ယူသွားစေချင်ပါသည်။သို့မဟုတ်ပါက ထိုသို့ ဆောင်ရွက်နိုင်သည့် လူများအား သင့်အနေဖြင့် ပံ့ပိုးမှုပေးပါ။
မြန်မာနိုင်ငံကဲ့သို့သော နိုင်ငံတစ်ခုတွင် သံတမန်ဆန်မှု မှာလည်း နိုင်ငံရေးသမားတစ်ယောက်အတွက် အခြားသော အဓိကကျသည့် အချက်တစ်ချက်ဖြစ်ပါသည်။ ၎င်းကို အပိုင်း ၁၊ အခန်း ၂ တွင် ပြောကြားခဲ့ပြီး ဖြစ်ပါသည်။ အခန်း ၉ တွင်မူတရားဥပဒေစိုးမိုးရေးနှင့် ကောင်းမွန်သော အုပ်ချုပ်မှု အစရှိသည်တို့ကဲ့သို့သော မည်သည့် ဒီမိုကရေစီစနစ်တွင်မဆိုအဓိကကျလှသည့် စံတန်ဖိုးများအကြောင်း ပြောကြားမည်ဖြစ်ပါသည်။