အသစ်များ > ကျား-မ ရေးရာအမြင်အရတုန့်ပြန်ထားသောမူဝါဒများချမှတ်ရာတွင် သိသင့်သည့် အချက်များ
ကျား-မ ရေးရာအမြင်အရတုန့်ပြန်ထားသောမူဝါဒများချမှတ်ရာတွင် သိသင့်သည့် အချက်များ
2025-08-19
“ကျား-မရေးရာအမြင်အရတုန့်ပြန်ဆောင်ရွက်ခြင်း“ ဆိုသည်မှာအဘယ်နည်း?
ပထမဆုံး “ကျား-မရေးရာအမြင်မရှိခြင်း” ဆိုသည်ကိုဆွေးနွေးပါမည်။ ကျား-မရေးရာအမြင်မရှိသောသူ တစ်ယောက်သည် အမျိုးသားများ၊ အမျိုးသမီးများ၊ ယောကျ်ားလေးများ၊ မိန်းကလေးများအား တစ်စုတည်း အတူတူဖြစ်သည်ဟုရှုမြင်ကာ၊ ၎င်းတို့ကို ပုံစံတစ်မျိုးတည်းဖြင့် စဉ်းစား၊ ဆက်ဆံ၊ လုပ်ကိုင်လေ့ရှိကာ၊ ယင်းကဲ့သို့ တသမတ်တည်း ဆက်ဆံခြင်းကိုပင် “တန်းတူညီမျှမှုရှိသည်” ဟုခံယူလုပ်ကိုင်နေသူ ဖြစ်သည်။ “လူတိုင်းသည် တစ်ဦးနှင့်တစ်ဦးလုံးဝတူညီတဲ့ တစ်ပုံစံတည်းသော (တစ်ပြေးညီ) လုပ်ဆောင်ပေးမှုကိုသာရသင့်သည်” ဟူသော ယင်းအတွေးအခေါ်နှင့် ကျင့်သုံးမှုသည် ကျား-မတန်းတူညီမျှမှုရရှိရေးတွင် ကြီးမားသောအတားအဆီးကို ဖြစ်စေသည်။ ယင်းကျင့်သုံးမှုသည် အမျိုးသမီးများ၏ ခေတ်အဆက်ဆက်ခွဲခြားခံလာရသော အခြေအနေ၊ ဇီဝသဘောအပေါ်အခြေခံကာ ခွဲခြားခံရသောအခြေအနေ (ဥပမာ- အမျိုးသမီးကသာကလေးမွေးနိုင်သည်၊ သို့ အတွက် ကလေးငယ်ကို ပြုစုစောင့်ရှောက်သည့်တာဝန်သည် အမျိုးသမီးများသာ အဓိကပြုလုပ်ရသည်) များကို မျက်ကွယ်ပြုထားပြီး၊ အခွင့်အလမ်းကိုဖမ်းဆုတ်နိုင်မှုတွင် အမျိုးသားနှင့် အမျိုးသမီးသည် တန်းတူညီမျှရှိနှင့်ပြီး ဖြစ်သည်ဟု ယူဆရာရောက်သည်။
ထိုသို့သော ယူဆချက်ကြောင့်ပင် ကျွန်မတို့သည် အမျိုးသား နှင့် အမျိုးသမီးများကို ညီမျှစွာမဆက်ဆံကြပါ။ အမည် ဖော်ပြမထားသော ကိုယ်ရေးရာဇဝင် ဥပမာကို အမှတ်ရစေလိုပါသည်။ အိန္ဒိယရှိကျေးရွာသားများသည် အမျိုးသားမိန့်ခွန်းပြောကြားမှုကို ပိုမိုအမှတ်ပေးခဲ့ကြပြီး ထိုအမျိုးသားကဲ့သို့ပင် လုံးဝတစ်ထပ်တည်း တူညီသောမိန့်ခွန်းကို အမျိုးသမီးပြောကြားသည့်အခါ လျော့နည်းသောအမှတ်ကို ပေးခဲ့ကြပါသည်။ အလားတူ လေ့လာမှုတရပ်ကို ယေးလ်တက္ကသိုလ်(Yale University) မှပြုလုပ်ခဲ့ပါသည်။ ဓာတ်ခွဲခန်းမန်နေဂျာ ရာထူးအတွက် ကျောင်းသား၊ ကျောင်းသူများ၏အလုပ်လျောက်လွှာများကို သိပ္ပံပညာရှင်များကလက်ခံရရှိ ကြပါသည်။ ကိုယ်ရေးရာဇဝင် တစ်ခုထည်းကိုပင် အုပ်စုတစ်စုမှ သိပ္ပံပညာရှင်များက အမျိုးသားနာမည်နှင့် ရခဲ့ကြပြီး၊ နောက်အုပ်စုတစ်စုမှ သိပ္ပံပညာရှင်များကတော့ အမျိုးသမီးနာမည်နှင့်ရခဲ့ကြပါသည်။ သုတေသနအဖြေအရ အမျိုးသမီး၏ အလုပ်လျောက်လွှာကို အမျိုးသားအလုပ်လျောက်လွှာထက် သိသာစွာ ပိုမိုနိမ့်သောအမှတ်ကို ပေးခဲ့ကြပါသည်။ အလုပ်လျောက်သူအမျိုးသမီးကိုလည်း အမျိုးသားထက်ပိုနည်းသော လစာငွေကိုကမ်းလှမ်းခဲ့ကြသည်။ အမျိုးသားများနှင့်၊ အမျိုးသမီးအား အလုပ်ခန့်ရန်အတွက် အမှတ်ပေးရွေးချယ် သူများမှာ သိပ္ပံပညာရှင်များဖြစ်ကြသည်။ သိပ္ပံပညာရှင်များသည် ၎င်းတို့၏တိကျမှု၊ ဘက်မလိုက်မှုတို့ကို ယေဘူယျအားဖြင့် ဂုဏ်ယူလေ့ရှိသူများဖြစ်ကြသည်။ သို့ရာတွင် သုတေသနတွေ့ရှိချက်အရ ၎င်းတို့၏ အမူအကျင့်သည် တိကျသော၊ ဘက်လိုက်မှုမရှိသော အမူအကျင့်များမဟုတ်ဘဲ အမျိုးးသားနှင့်အမျိုးသမီးအပေါ် တန်းတူညီမျှဖြစ်သောစိတ်ထားကိုလည်း မတွေ့ရပေ။
ယင်းလေ့လာချက်များနှင့် စမ်းသပ်ချက်များကဖော်ပြနေသည့်အချက်မှာ များစွာသောသူတို့ (ကျား၊ မ မဟူ) ၎င်းတို့ကိုယ်တိုင်ပင် မသိပါဘဲ “ကျား-မ ခွဲခြားသော၊ ဘက်လိုက်သောလုပ်ဆောင်မှုများ“ ရှိနေသည် ဟူသည့်အချက်ဖြစ်ပါသည်။ ယင်းကဲ့သို့သော ဘက်လိုက်နေသောအတွေးအခေါ်၊ ကျင့်သုံးမှုများကို ဖယ်ရှားပယ် ဖျက်လိုက်ရန်မှာခက်ခဲပါသည်- အကြောင်းမှာ ကျွန်မတို့မွေးစကပင် ယခုအထိ (တစ်ခါတစ်ရံ အလွန်သိမ်မွေ့စွာ) ရရှိခဲ့သော သတင်းစကားမှာ အမျိုးသားများကပိုမြင့်မြတ်သည်။ ပိုဘုန်းကံရှိသည် ဟုဖြစ်ပါသည်။ ထိုသတင်း စကားများကို လူမှုဝန်းကျင်မှချမှတ်ထားသော စံနှုန်းများမှတစ်ဆင့်လည်း မွေးစကပင် ကျွန်မတို့ သင်ကြား လာခဲ့ကြပါသည်။ ထို့ကြောင့်ပင် ထိုခွဲခြားသော၊ ဘက်လိုက်သောကျင့်သုံးနေမှုများကိုပင် “ဒါဟာမျှတ ညီမျှတယ်၊ ဒီလိုပဲဖြစ်သင့်တယ်“ ဟု များစွာသောသူတို့ကယုံကြည်လျက်ရှိနေဆဲပင်ဖြစ်သည်။
ကျား-မရေးရာဘက်လိုက်နေမှုများ ပပျောက်စေပြီး၊ ကျား-မရေးရာကိုထည့်သွင်းစဉ်းစားထားသော အမြင်ရှိရန အတွက် ကျွန်မတို့သည် လောကကို (ကျွန်မတို့လူမှုအသိုင်းအဝိုင်းကို) မျက်မှန်အသစ်တပ်ပြီးကြည့်ရန်လိုပါသည်။ ကျွန်မတို့၏ မျက်စိများကိုဖွင့်၊ နားများကိုစွင့်ကာ အမျိုးးသမီးများတွေ့ကြုံေနေရသော အတားအဆီးများကို မြင်အောင်ကြည့် တတ်ရပါမည်- ထို့အတူပင်၊ အချို့နေရာများတွင် အတားအဆီးဖြစ်နေသူများမှာ အမျိုးသားများ ဖြစ်နေတတ်ပါသည်။ ကျွန်မတို့သည် နဂိုဖြစ်နေကျပုံစံဖြစ်နေသော၊ မညီမျှမှုများကိုဖြစ်စေသော၊ မညီမျှမှုများကို ထိမ်းသိမ်းထားသည့် အတွေးအခေါ်များ၊ အမူအကျင့်များကို ပြုပြင်ပြောင်းလဲရန် လိုအပ်ပါသည်။ သို့မှသာ “ကျား-မရေးရာအမြင်အရတုန့်ပြန်ဆောင်ရွက်ခြင်း“ ဟူသောနေရာသောရောက်ရှိလာမည် ဖြစ်သည်။ အဆိုပါစကားရပ်များ ကို ထဲထဲဝင်ဝင်ကြည့်ကြပါစို့။
“ကျား-မရေးရာ“(Gender - ဂျန်ဒါ) ဆိုသည့်အဓိပ္ပါယ်ဘာဆိုသည်ကို ကျွန်မတို့သိကြပါသည်။ ရိုးရှင်းစွာပြောရလျင် ယဉ်ကျေးမှုဆိုင်ရာ တန်ဖိုးထားမှု၊ စံနှုန်းများကို ဇီဝဗေဒအရကွဲပြားမှုထဲသို့ ပေါင်းစပ်ထည့်သွင်းထားခြင်း ဟုသာ ပြောရမည်ဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က “ကျား၊မရေးရာ” ကို အောက်ပါကဲ့သို့ ဖွင့်ဆို ထားပါသည်။
“ကျား-မရေးရာ (Gender - ဂျန်ဒါ) ဆိုသည်မှာ အမျိုးသမီးဖြစ်ခြင်း၊ အမျိုးသားဖြစ်ခြင်းအပေါ် လူမှုအသိုင်းအဝိုင်း၏ သတ်မှတ်ချက်ဝိသေသလက္ခဏာများဖြစ်သည်။ ယင်းတို့တွင် အမျိုးသား၊ အမျိုးသမီးတို့အတွက် သတ်မှတ်ထားသော စံနှုန်းများ၊ အခန်းကဏ္ဍများ၊ အမျိုးသားနှင့် အမျိုးသမီး အုပ်စုများ အကြား ဆက်ဆံရေး များပါဝင်သည်။ ယင်းသတ်မှတ်ချက် စံနှုန်းများသည် လူမှုအဖွဲ့အစည်းတစ်ခုနှင့် တစ်ခုအကြား မတူညီစွာ ကွဲပြားနေပြီး ယင်းတို့သည် ပြောင်းလဲနိုင်ပါသည်။”
ကျွန်မတို့သည်ကျား-မရေးရာစံသတ်မှတ်ချက်များကို မည်သို့မြင်ပါသနည်း?- ကျား-မရေးရာစံသတ် မှတ်ချက်များ (gender norms) ဆိုသည်မှာ မည်သည့်အရာက အမျိုးသမီးများအတွက်သင့်လျော်သည်၊ မည်သည့်အရာက အမျိုးသားများအတွက်သင့်လျော်သည် ဟူသောသတ်မှတ်ချက်များ ဖြစ်ပြီး၊ ယင်း သတ်မှတ်ချက်များသည် အချိန်နှင့်အမျှပြောင်းလဲကွာခြားလျက်ရှိသည်။ ဥပမာ- ယခုကာလတွင် အမျိုးသမီးများသာ ဒေါက်မြင့်ဖိနပ်များ စီးပါသည်။ မူလအစက ဒေါက်မြင့်ဖိနပ်များကို အထက်တန်းလွှာမှ အမျိုးသားများ မြင်းစီး၍ အမဲလိုက်ထွက်ရာတွင် စီးရန် ပုံစံရေးဆွဲခဲ့ခြင်း ဖြစ်သည်။ ယင်းတို့သည် ၁၈ ရာစုနှစ် ပြင်သစ်ဘုရင်များ၏ နန်းတွင်းရှိ သူကောင်းမျိုးများအကြား အလွန် ဖက်ရှင်ကျခဲ့သည်။
ယဉ်ကျေးမှုတိုင်းတွင် အတိုင်းအတာတစ်ခုအထိ ကျန်နေခြင်းနှင့် ကျွန်တော်တို့တွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသော အမျိုးသားကို လူသားနှင့် တန်းတူ ထားသည့် ခံယူမှုကြောင့် ကျွန်တော်တို့ ကျား-မရေးရာဟု ပြောတိုင်း ကျွန်တော်တို့၏ စိတ်ထဲတွင် အမျိုးသမီးတစ်ဥိးကိုသာ ပုံဖော်မိနေပါသည်။ သို့သော် အရေးကြီးသည်မှာ ကျား-မရေးရာဟူသော စကားလုံးသည် ယောကျ်ားများကိုလည်း ရည်ညွှန်းသည်ကို မှတ်မိနေရပါမည်။ လူတိုင်းတွင် ကျား-မရေးရာ အခန်းကဏ္ဍ ရှိပါသည်။ ပုံမှန်အားဖြင့် ကျွန်တော်တို့တွင် မည်သည့် ကျား-မရေးရာ အခန်းကဏ္ဍ ရှိပြီး အမျိုးသားနှင့် အမျိုးသမီး ၂ ဦးလုံးအတွက် မည်သည်က အရေးပါကြောင်း အသိအမှတ်ပြု ရှာဖွေဖော်ထုတ်ခြင်းကို ယဉ်ကျေးမှု၊ ယုံကြည်မှုများနှင့် စံနှုန်းသတ်မှတ်ချက်များက ဆုံးဖြတ်ပေးနေပါသည်။
“ကျား-မရေးရာ” ဟူသော အသုံးအနှုန်းသည် အခြားအခြေအနေတစ်ခုအတွက်လည်း အသုံးဝင်ပါသည်။ ကျွန်တော်တို့တွင် ဇီဝဗေဒသဘောအရ လိင်ဟုခေါ်သော အရာထက် ပို၍ ကျယ်ပြန့်သည့် “ကျား-မရေးရာ” ဟူသော သဘောတရားတစ်ခု ရှိခြင်းသည် လူသားတစ်ဦးဖြစ်ရခြင်းမှာ မည်သို့ဖြစ်သည်ဟူသည်ကို ကျွန်တော်တို့၏ နားလည်မှုအား ကျယ်ပြန့်စေရန် ကူညီပေးပါသည်။ ဥပမာ - လူသားအားလုံးသည် ယောကျ်ားလေး သို့မဟုတ် မိန်းကလေးဟူသော ခေါင်းစဉ်များ အောက်တွင်သာ ရှိသည် မဟုတ်ပါ။ အချို့မှာ လိင်အင်္ဂါ နှစ်ခုလုံးပါသောသူများဖြစ်ကြပါသည်။ ထို့ပြင် မတူညီသော လိင်စိတ်ခံယူမှု ရှိကြပြီး ယင်းကို LGBT ဟုအတိုကောက် ခေါ်ဆိုကြသည် (အမျိုးသမီးချင်းလိင်တူစိတ်ဝင်စားသူ၊ အမျိုးသားချင်း လိင်တူစိတ်ဝင်စား သူ၊ အမျိုးသမီး၊ အမျိုးသားနှစ်မျိုးလုံးကို စိတ်ဝင်စားသူ၊ လိင်ပြုပြင်ပြောင်းလဲ ထားသူ)။ ထို့ကြောင့် ကျား-မ ရေးရာ သည် တစ်ဖက်တွင် ကျွန်တော်တို့၏ လူ့အဖွဲ့အစည်းတွင် အချိန်ကာလတစ်ခု၌ “ကျား”ဖြစ်ခြင်း နှင့် “မ”ဖြစ်ခြင်းအပေါ် စံသတ်မှတ်ချက်များကို ညွှန်းဆိုပြောကြားသလို၊ အခြားတစ်ဖက်တွင်လည်း ကွဲပြားသော လိင်စိတ်ခံယူမှု ရှိသူများအတွက် ပြောဆိုသည်။
တုံ့ပြန်ဆောင်ရွက်ခြင်း(responsive) ဆိုသည်မှာအဘယ်နည်း? “တုံ့ပြန်ဆောင်ရွက်ခြင်း” ဆိုသည် မှာ အခြားလူများ ၏လိုအပ်ချက်များ၊ အမျိုးသမီးများ၏လိုအပ်ချက်များ၊ အမျိုးသားများ၏လိုအပ်ချက်များကို ထည့်သွင်းစဉ်းစား တတ်သော စိတ်နေစိတ်ထား၊ သဘောထား ရှိခြင်းကိုဆိုသည်။ ထို့ကြောင့် “ကျား-မရေးရာ တုံ့ပြန်ဆောင်ရွက်ခြင်း” တွင် ကျွန်မတို့သည်-
၁။ လက်ရှိ အမျိုးသား၊ အမျိုးသမီး၊ ယောကျာၤးလေးနှင့် မိန်းကလေးများအပေါ်သတ်မှတ်ထားသော စံနှူန်းများ၊ ပုံသေကားကျယူဆချက်များကို သိရှိရန်ပြုခြင်း
၂။ ယင်းစံနှုန်း နှင့် ပုံသေကားကျယူဆချက်များသည် ကျွန်မတို့လုပ်ဆောင်လိုသောအချက်များကို အပြည့်အဝ လုပ်ဆောင်ခွင့်မရဘဲ အကန့်အသတ်ခံရနိုင်ခြင်းဟုသိမြင်ခြင်း
၃။ အမူအကျင့် နှင့် ကျင့်သုံးမှု၊ ဥပမာ- အမျိုးသမီးနှင့်အမျိုးသားများ မိန်းကလေးနှင့် ယောကျ်ားလေးများ၊ LGBT တို့၏ ကွဲပြားသောလိုအပ်ချက်များကို ထည့်သွင်းစဉ်းစားထား သော ရေးသားထားသောမူဝါဒများချမှတ်ခြင်း