ခေါင်းစဉ်များ > ငြိမ်းချမ်းရေး နှင့် ပဋိပက္ခ > What Does Peaceful Political Leadership Look Like?
What Does Peaceful Political Leadership Look Like?
2026-01-06
ငြိမ်းချမ်းစွာ နိုင်ငံရေးအရ ဦးဆောင်မှုက ဘယ်လိုပုံစံရှိသလဲ။
ငြိမ်းချမ်းရေးလုပ်နေတဲ့ ခေါင်းဆောင်တစ်ယောက်ဟာ သူတို့ရဲ့ ရာထူးနေရာကြောင့်ရလာတဲ့ လုပ်ပိုင်ခွင့် အာဏာနဲ့အတူ ဒွန်တွဲပါလာတဲ့ တာဝန်ဝတ္တရားကို သိမြင်နားလည်ပြီး လူထုရဲ့ အကောင်းဆုံး အကျိုးစီးပွားကို ရှေးရှု ဆောင်ရွက်လေ့ရှိ ပါတယ်။ ငွေကြေးအကျိုးအမြတ်တွေရရှိဖို့ သို့မဟုတ် လူမှုရေးအဆင့်အတန်း မြင့်မားလာဖို့ စိတ်ဝင်စားနေခြင်းထက် ငြိမ်းချမ်းရေးလုပ်နေတဲ့ နိုင်ငံရေးခေါင်းဆောင်တွေဟာ ပဋိပက္ခကို အဆုံးသတ်ပြီး လူတိုင်း အကောင်းဆုံးအနာဂတ်ကို ပိုင်ဆိုင်စေချင်တဲ့ အတွင်းစိတ်ရဲ့ စေ့ဆော်မှုနဲ့ ဦးဆောင်ကြသူတွေ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ခေါင်းဆောင်တွေဆီမှာ တွေ့ရလေ့ရှိတဲ့ ကိုယ်ရည်ကိုယ်သွေးတွေထဲမှာ စိတ်ခံစားချက်ကို ထိန်းချုပ်ပြီး ခွင့်လွှတ်သည်းခံမှု၊ စာနာနားလည်မှု၊ အ ပြောင်းအလဲအပေါ် အကောင်းမြင်စိတ်ရှိမှုနဲ့ ပဋိပက္ခထက် ပြန်လည်သင့်မြတ်ရေးကို အလိုလို ရွေးချယ်တတ်တဲ့ သဘောသဘာဝရှိခြင်းတွေ ပါဝင်နေပါတယ်။[1]

ငြိမ်းချမ်းရေးလုပ်တဲ့ နိုင်ငံရေးခေါင်းဆောင်တွေဆိုတာ ရေခံမြေခံ အပေါ်မူတည်ပြီး ပုံစံအမျိုးမျိုး အသုံးပြုနိုင်ပါတယ်။ ကိုလံဘီယာ သမ္မတဟောင်းဆန်းတို့စ်ဟာ နိုင်ငံကို ပဋိပက္ခဖျန်ဖြေရေးကနေ ငြိမ်းချမ်းရေးဆီကို အသွင်ကူးပြောင်းနိုင်အောင် ဦးဆောင်သွားခဲ့တယ်။[2] အတိုက်အခံတွေနဲ့ ဆွေးနွေးညှိနှိုင်းတဲ့အခါ သူကအငြင်းပွားစရာကောင်းတဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်ခဲ့ပေမယ့် ငြိမ်းချမ်းရေးဆီ အသွင်ကူးပြောင်းနိုင်အောင်တော့ သူစွမ်းဆောင်နိုင်ခဲ့ပါတယ်။သူ့ရဲ့အောင်မြင်မှုကို ပြန်လည်သင့်မြတ်ရေး သဘောတရားကို တန်ဖိုးထားတဲ့ သူ့ကိုယ်ပိုင် ယုံကြည်မှုစနစ်ကလည်း အများကြီး အထောက်အကူ ဖြစ်စေခဲ့တယ်။ စာနာနားလည်မှုကို တန်ဖိုးထားခဲ့သလို တစ်ဖက်ရဲ့ အမြင်သဘောထားကို နားလည် ဖို့အရေးကြီးတယ်ဆိုတာကိုလည်း အသိအမှတ်ပြုခဲ့ပါတယ်။ အ တိုက်အခံတွေအပေါ် ဆက်ပြီး လေးစားသမှုရှိနေတာက နောက်ပိုင်းစေ့စပ်ညှိနှိုင်းမှု အောင်မြင်အောင် အထောက်အကူပြုခဲ့သလို အခြားတစ်ဖက်မှာလည်း သန်မာပြီး ဆုံးဖြတ်ချက် ပြတ်သားတဲ့ ခေါင်းဆောင်တစ်ယောက်လို ကျင့်ကြံခဲ့တဲ့အတွက် အများပြည် သူရဲ့ လေးစား အသိအမှတ်ပြုမှုကိုလည်း ဆက်ထိန်းထားနိုင်ခဲ့တယ်။[3] သမ္မတဟောင်းဆန်းတို့စ်ရဲ့ သာဓကက ငြိမ်းချမ်းရေးကို ဦးဆောင်တဲ့နေရာမှာ ကိုယ်ရည်ကိုယ်သွေး၊ ယုံကြည်ချက်တွေ၊ ကျွမ်းကျင်မှုတွေနဲ့ အလေ့အထတွေက ဘယ်လောက်ထိအရေးကြီးသလဲဆိုတာကို မီးမောင်းထိုးပြနေပါတယ်။
ငြိမ်းချမ်းရေး ခေါင်းဆောင်ရဲ့ ပင်ကိုယ်စရိုက်တွေနဲ့ ခိုင်မာအားကောင်းတဲ့ ကိုယ်ကျင့် သိက္ခာတွေသာမက သူတို့ရဲ့ရည်မှန်းချက် ပြည့်မှီလာအောင် အထောက်အကူပြုပေးမယ့် ကျွမ်းကျင်မှုတွေနဲ့ အလေ့အထကောင်း အတော်များများကိုပါ ကျွမ်းကျင် ပိုင်နိုင်ကြပါတယ်။ ဒီထဲမှာ ‘ဆက်ဆံရေး တည်ဆောက်နိုင်စွမ်း၊ ရည်မှန်းချက်ကြီးတဲ့ လုပ်ဆောင်ချက်တွေကို အကူအညီ ဖြစ်စေတဲ့ လူထုအကြိုက် အယူအဆတွေကို ဖန်တီး ပုံဖော်နိုင်စွမ်း၊ အာဏာ လက်ကိုင်ရှိသူတွေကို မေးခွန်းထုတ် စိန်ခေါ်နေတဲ့ ဆန်းသစ် ဖောက်ထွက်တဲ့ မဟာဗျူဟာ အရွေ့တွေမှာ ပါဝင်ဆောင်ရွက်ပြီး လက်တွေ့ လုပ်ဆောင်ချက်အဖြစ် အသက်သွင်းနိုင်စွမ်း’တွေ ပါဝင်နေပါတယ်။[4] ဒါ့အပြင် သူတို့ဆီမှာ အကောင်းဆုံးပြောဆိုဆက်ဆံရေး၊ စေ့စပ်ညှိနှိုင်းရေးနဲ့ ကြားဝင် ဖျန်ဖြေရေးစွမ်းရည်တွေကိုလည်း ပိုင်ဆိုင် ထားတတ်ကြပါတယ်။
ငြိမ်းချမ်းရေးဆီကို အသွင်ကူးပြောင်းတဲ့ အလုပ်တွေကို ခေါင်းဆောင်တစ်ဦးတည်းက ဖန်တီးပုံဖော်တာ မဟုတ်ဘဲ လူ့အဖွဲ့အစည်းထဲ လူထုလှုပ်ရှားမှုတွေကို ဦးဆောင်လုပ်နေကြတဲ့ အစုအဖွဲ့ပေါင်းများစွာရဲ့ စုပေါင်းအားထုတ်မှုကြောင့် ထွက်ပေါ်လာတဲ့ အကျိုးရလဒ် ဖြစ်ပါတယ်။ လူတိုင်း ငြိမ်းငြိမ်းချမ်းချမ်း မနေနိုင်သရွေ့ ဘယ်သူတစ်ဦးတစ်ယောက်က မှငြိမ်းငြိမ်းချမ်းချမ်း နေရမှာမဟုတ်ပါဘူး။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆိုတာ ကွက်ကြားမိုးရွာလို့မရသလို ဒေသရွေးပြီး ထွန်းကားလို့လည်းမရဘဲ လူတိုင်းအတွက် ဖြစ်ရပါမယ်။ ဒီနေရာမှာ ‘လူတိုင်း’လို့ပြောတာက ရန်သူဟောင်းတွေပါ ပါဝင်လာမှာဖြစ်တဲ့အတွက် ခွင့်လွှတ် သည်းခံမှုက ဘယ်လောက်ထိ အရေးကြီးသလဲဆိုတာ ပိုပြီး ရှင်းလင်းမြင်သာ သွားစေပါ တယ်။
ခေါင်းဆောင်တွေအနေနဲ့ တစ်ခြားသူတွေကို ငြိမ်းချမ်းရေးဆီ ဦးဆောင်လမ်းပြမှု မလုပ်ခင်မှာ ကိုယ်တိုင်ငြိမ်းချမ်းရေးရဲ့ ပြယုဂ် ဖြစ်လာရပါမယ်။ ဒါက ဘုံတူညီတဲ့ အရာတွေကို အလေးပေးအာရုံစိုက်ပြီး အမုန်းတရားအစား စာနာနားလည်မှုကို ရွေးချယ်ရတဲ့ စုပေါင်းတာဝန်တစ်ခု ဖြစ်တယ်ဆိုသော်ငြားလည်း ငြိမ်းချမ်းရေး ခေါင်းဆောင်တွေအနေနဲ့ စာနာစိတ်နဲ့ ဦးဆောင်လမ်းပြပြီး အကြမ်းမဖက်ရေး အခြေခံမူတွေကို လိုက်နာကျင့်သုံးတဲ့ ပုံ သက်သေကောင်းဖြစ်နေဖို့ လိုအပ်ပါတယ်။[5]
အားလုံးလွှမ်းခြုံပါဝင်စေတဲ့ မဟာဗျူဟာ - အမျိုးသမီး၊ လူငယ်နဲ့ လူနည်းစုများ
အားလုံး လွှမ်းခြုံပါဝင်ရေးဆိုတာ ငြိမ်းချမ်းရေး တည်ဆောက်ရာမှာပဲ အသုံးတည့်တဲ့ မဟာဗျူဟာ တစ်ခု မဟုတ်ဘဲ ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းပြီး အဓွန့်ရှည် တည်တံ့အောင် ထိန်းသိမ်းရာမှာလည်း မရှိမဖြစ် လိုအပ်တဲ့အရာ ဖြစ်ပါတယ်။လူငယ်တွေ၊ အမျိုးသမီးတွေနဲ့ လူနည်းစုတွေ နိုင်ငံရေး ဇာတ်ခုံထဲ ပါဝင်လာအောင် ဆွဲခေါ်တာက ကျန်တဲ့သူတွေထက် သူတို့ရဲ့ လိုအပ်ချက်တွေနဲ့ အသံတွေကို ပိုပြီး ဦးစားပေးနေတာ မဟုတ်ပါဘူး။ အမှန်တကယ်တော့ ဒါက လူတိုင်းရဲ့လို အပ်ချက်တွေနဲ့ အကျိုးစီးပွားတွေကို ဖြည့်ဆည်းပေးပြီး အဓွန့်ရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးဆီကို ခေါ်ဆောင်သွားဖို့ လမ်းဖောက်တဲ့အနေနဲ့ မတူကွဲပြားမှုတွေကို အတူပွဲခံကြတဲ့ သာတူညီမျှရေးကို ရှေးရှုတဲ့လမ်းကြောင်း ဖြစ်ပါတယ်။
အမျိုးသမီးတွေဟာ စုစုပေါင်းလူဦးရေရဲ့ ထက်ဝက်မကရှိနေပြီး ရုပ်ပိုင်းဆိုင်ရာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ကြုံတွေ့ခံစားနေကြရပြီး ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခထဲမှာ အများဆုံး ထိခိုက်နစ်နာသူတွေ ဖြစ်ကြပါတယ်။[6]ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲမှာ သူတို့ကို ပါဝင် ဆောင်ရွက်စေတာက သူတို့ခါးစည်းခံနေရတဲ့ ဆင်းရဲဒုက္ခတွေကို အေးငြိမ်းသွားစေပြီး သူတို့ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဆောင်ရွက်ပေးမှု ရှိကြောင်းသေချာစေပါလိမ့်မယ်။ ငြိမ်းချမ်းရေး တည်ဆောက်မှုနဲ့ စေ့စပ်ညှိနှိုင်းရာမှာ အမျိုးသမီးတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုက အဓွန့်ရှည်တည်တံ့ပြီး ပိုမိုခိုင်မာသေချာတဲ့ ငြိမ်းချမ်းရေးဆီကို ဦးတည်သွားစေပါလိမ့်မယ်။ တိုင်းရင်းသား မျိုးနွယ်စု မတူသလို လူမှုစီးပွားရေး အဆင့်အတန်း နောက်ခံမတူကြတဲ့ အမျိုးသမီးတွေဟာ စစ်ပွဲအတွင်းကြုံရတဲ့ အတွေ့အကြုံချင်း တူညီနေကြပါတယ်။ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်ထဲမှာ အမျိုးသမီးတွေ ပါဝင်ဆောင်ရွက်ခြင်းက မတူကွဲပြားတဲ့ လူနည်းစုအုပ်စုတွေနဲ့ လူတန်းစားအလွှာတွေအကြား စည်းခြားထားတဲ့ ကွာဟမှုတွေကို ကျဉ်းမြောင်းသွားစေသလို အစုအဖွဲ့အသီးသီးက ကိုယ်စားလှယ်တွေ ပါဝင် ဆောင်ရွက်ခွင့် ရလာအောင်လည်း လမ်းဖွင့်ပေးပါတယ်။[7]
ပဋိပက္ခအတွင်းနဲ့ ငြိမ်းချမ်းရေး တည်ဆောက်နေစဉ်မှာ အမျိုးသားတွေကို မဟာဗျူဟာကျတဲ့ စစ်ရေးဆုံးဖြတ်ချက်တွေ ချမှတ်တဲ့ စစ်သည်တော်တွေအဖြစ် ရှုမြင်လေ့ရှိပေမယ့် အမျိုးသမီးတွေကိုကျတော့ နိုင်ငံရေး လုပ်ငန်းစဉ်အတွင်း ပါဝင် ဆောင်ရွက်စရာ မလိုတဲ့ ပြုစုစောင့်ရှောက်ရေး တာဝန်ပဲယူကြရမယ့် အိမ်ရှင်မတွေအဖြစ် သဘောထားတတ်ကြပါတယ်။ ဒီလို တရားသေအယူအဆနဲ့ လက်ခံယုံကြည်မှုပုံစံတွေ သက်ဆိုးရှည်နေဆဲ ဖြစ်တဲ့အတွက် နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုမှာ အမျိုးသမီးတွေရဲ့ ပါတယ်ဆိုရုံ ကိုယ်စားပြုမှုက လုံလောက်မှု မရှိပါဘူး။ အမျိုးသမီးတွေကိုယ်တိုင် နေရာရလာပြီး ဆုံးဖြတ်ချက်ချမှတ်နိုင်တဲ့ လုပ်ပိုင်ခွင့် ရလာအောင် နိုင်ငံရေးမှာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခြင်းက ဒီလို တရားသေ အယူအဆတွေကို တန်ပြန်ဖို့နဲ့ အမျိုးသမီးတွေ စစ်မှန်တဲ့ အပြောင်းအလဲ ဖော်ဆောင်ခွင့်ရ လာဖို့အတွက် လုပ်ကိုလုပ်ရမယ့်အရာ ဖြစ်ပါတယ်။[8]
လူငယ်တွေကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲ အလားတူ ပါဝင် ဆောင်ရွက်စေတာကလည်း သူတို့အပေါ် ပဋိပက္ခရဲ့ သက်ရောက်မှုပုံစံ ကွာခြားနေသလို သူတို့မှာလည်း သူတို့ကိုယ်ပိုင်အမြင် သဘောထားတွေ ရှိနေတဲ့အတွက် ဖြစ်ပါတယ်။ လူငယ်နိုင်ငံရေးခေါင်းဆောင် တစ်ဦးက “လူငယ်တွေက လက်ရှိခေါင်းဆောင်တွေရဲ့ တာဝန်တွေကို အနာဂတ်မှာ ပုခုံးပြောင်း ထမ်းဆောင်ကြမယ့်သူတွေဖြစ်တဲ့အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲမှာ လူငယ်တွေ ပိုပြီး ပါဝင် ဆောင်ရွက်ခွင့်ရလာအောင် နေရာပေးသင့်ပါတယ်”ဟု ရှင်းလင်း ပြောဆိုခဲ့ပါတယ်။[9] ဒါ့အပြင် အရောင်အသွေး စုံလင်တဲ့ လူငယ်တွေဆီမှာ ပင်ကိုယ် စိတ်ကူးစိတ်သန်းကောင်းတွေနဲ့ အထောက်အပံ့တွေ ရှိနေတတ်ကြပါတယ်။ လူငယ်ခေါင်းဆောင်တွေဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အကျိုးဖြစ်ထွန်းစေမယ့် တိုးတက်ပွင့်လင်းတဲ့ လူမှုရေးနှင့် နိုင်ငံရေး လှုပ်ရှားမှုအရွေ့တွေကို ပံ့ပိုး ဆောင်ရွက်ပေးနိုင်တဲ့ အဓိက အခန်းကဏ္ဍမှာ ရှိနေကြပါတယ်။[10] ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲမှာ လူငယ်တွေကို ပါဝင်ဆောင်ရွက်စေခြင်းက သူတို့ရဲ့ ထူးကဲကွဲထွက်နေတဲ့ သီးခြားလိုအပ်ချက်တွေကို ကိုယ်စားပြုခွင့် ရရှိလာဖို့နဲ့ တိုးတက်ပွင့်လင်းတဲ့ သူတို့ရဲ့ စိတ်ကူးစိတ်သန်းကောင်းတွေ ပါဝင်လာစေမယ့် သော့ချက် ဖြစ်ပါတယ်။
အမျိုးသမီးတွေ၊ လူငယ်တွေနဲ့ လူနည်းစုတွေရဲ့ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်မှုက ငြိမ်းချမ်းရေး တည်ဆောက်မှုကို အကူအညီဖြစ်စေမယ့် အဖိုးတန် အတွေးအမြင်တွေနဲ့ အထောက်အပံ့တွေကို ဖော်ထုတ်ပေးပါတယ်။ မတူကွဲပြားတဲ့ အစုအဖွဲ့တွေအားလုံး အတူတကွ ပါဝင်လာမှသာလျှင် ငြိမ်းချမ်းရေး တည်ဆောက်မှု အောင်မြင်ဖြစ်ထွန်းနိုင်မှာ ဖြစ်ပါတယ်။ အမျိုးသမီး၊ လူငယ်နဲ့ လူနည်းစုအုပ်စုတွေအပေါ် ပဋိပက္ခရဲ့ ရိုက်ခတ်မှုပုံစံ ကွာခြားမှုရှိတဲ့အတွက် သူတို့မှာလည်း သူတို့အမြင်နဲ့ သူတို့ရဲ့ သီးခြားလိုအပ်ချက်တွေ ရှိနေကြပါတယ်။ အဓွန့်ရှည် တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ရရှိနိုင်စေမယ့် တစ်ခုတည်းသော လမ်းကြောင်းက အမျိုးသမီး၊ လူငယ်နဲ့လူနည်းစုတွေကို ပူးပေါင်းဆောင်ရွက်ခွင့်ပြုပြီး အားလုံး လွှမ်းခြုံပါဝင်မှုရှိတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တစ်ခု ဖန်တီးခြင်းပဲ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးတည်ဆောက်မှုနဲ့ လူကြိုက်များထောက်ခံမှုကို ချိန်ခွင်လျှာညှိခြင်း
နိုင်ငံရေးသမားတွေဟာ မဟာဗျူဟာမြောက် ဆုံးဖြတ်ချက် ချမှတ်မှုနဲ့ လူကြိုက်များ ထောက်ခံမှုကို ဟန်ချက်ညီအောင် ထိန်းညှိဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနှစ်ခုစလုံးက အဓွန့်ရှည် တည်တံ့မယ့် ငြိမ်းချမ်းရေး သဘောတူညီချက်တွေ ရရှိလာနိုင်စေတဲ့ အကောင်းဆုံး အခွင့်အရေးနဲ့ အကျိုးရလဒ်တွေကို ဆောင်ကျဉ်းနိုင်ဖို့ မဖြစ်မနေ လိုအပ်တဲ့အတွက်ဖြစ်ပါတယ်။
လူထုရဲ့ အကောင်းဆုံး အကျိုးစီးပွားတွေကို ရှေးရှု လုပ်ကိုင်ခြင်းနဲ့ ဒီမိုကရေစီ အခြေခံမူတွေကနေတစ်ဆင့် ကိုယ့်ရဲ့အများတရားဝင် လက်ခံအသိအမှတ်ပြုမှု ခိုင်မာ အားကောင်းလာအောင် စဉ်ဆက်မပြတ် လုပ်ဆောင်နေကြရတဲ့ ဘယ်အစိုးရ သို့မဟုတ် နိုင်ငံရေး ဇာတ်ကောင်အတွက်မဆို လူကြိုက်များ ထောက်ခံမှုရဖို့ အရမ်းအရေးကြီးပါတယ်။[11] လူကြိုက် များတဲ့ ငြိမ်းချမ်းရေးရလဒ်မျိုးကို သက်ဆိုင်ရာ နယ်မြေခံတွေ ဒီမိုကရေစီ ထုံးနည်းစံကျ ထုတ်ဖော်ပြောဆိုထားတဲ့ သူတို့ဒေသ အခြေအနေအရ လိုအပ်နေတဲ့ အရာတွေကို ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းတဲ့အထဲ လွှမ်းခြုံပါဝင်စေခြင်းဖြင့် ရရှိလာနိုင်ပါတယ်။ ဒါက အဓွန့်ရှည်ခိုင်မာတဲ့ ငြိမ်းချမ်းရေးအတွက် အခြေခံအုတ်မြစ် ချပေးမှာဖြစ်သလို မတူကွဲပြားတဲ့ ဒေသတွင်းလိုအပ်ချက် အမျိုးမျိုးကိုပါ ပြေလည်သွားစေပါလိမ့်မယ်။[12] ငြိမ်းချမ်းရေး သဘောတူညီချက်တွေနဲ့ ပတ်သက်ပြီး ပဋိပက္ခကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့တဲ့အတွက် သူတို့လူကြိုက်များ ထောက်ခံမှုပဲ ရလာမလား သို့တည်းမဟုတ် လူကြိုက်များ ထောက်ခံမှုရှိတဲ့အတွက်ကြောင့်ပဲ ငြိမ်းချမ်းရေး သဘောတူညီချက်တွေ အရှည်တဖြင့် တည်တံ့ပြီး အောင်မြင်သွားမှာလား ဆိုတာ ရှင်းရှင်းလင်းလင်း ပြောရခက်ပါတယ်။[13] ရှင်းရှင်းလင်းလင်း ပြောနိုင်တာတစ်ခုကတော့ လူကြိုက်များ ထောက်ခံမှုဆိုတာ ဩဇာလွှမ်းမိုးမှုကြီးတဲ့ မောင်းနှင်အားတစ်ခု ဖြစ်တယ်ဆိုတာပါပဲ။
စစ်ပွဲအတွင်း မြေစာပင်ဖြစ်ခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ ဆုံးရှုံး နစ်နာမှုတွေက ငြိမ်းချမ်းရေး သဘောတူညီချက်တွေကို ရှုမြင်တဲ့ နစ်နာသူတွေရဲ့ အမြင်သဘောထားအပေါ် ရိုက်ခတ်မှု ရှိလာစေပါတယ်။ လူကြိုက်များ ထောက်ခံမှု ရလာဖို့ဆိုရင် ငြိမ်းချမ်းရေး သဘောတူညီချက်တွေထဲမှာ အကြမ်းဖက်ခံရသူတွေ ခါးစည်းခံခဲ့ရတဲ့ ဆင်းရဲဒုက္ခတွေနဲ့ လူထုရဲ့ နာ ကျည်းနစ်နာချက်တွေကို အပြည့်အဝ ကိုင်တွယ်ဖြေရှင်းသွားဖို့ ရည်ရွယ်တဲ့ အချက်တွေ ပါဝင်နေဖို့ လိုအပ်ပါတယ်။[14] လူကြိုက်များထောက်ခံတဲ့ ငြိမ်းချမ်းရေးကို ဖန်တီးဖို့အတွက် ငြိမ်းချမ်းရေး သဘောတူညီချက်တွေကို လူထုအမြင်သဘောထားနဲ့ အကျိုးစီးပွားပေါ် အခြေခံပြီး ရေးဆွဲပြင်ဆင်တာက နောက်ထပ်လူကြိုက်များ ထောက်ခံမှုရရှိစေနိုင်တဲ့ လမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး အစီအစဉ်တွေကို လူထုရဲ့ သဘောဆန္ဒနဲ့အညီ ဒီမိုကရေစီ အခြေခံမူတွေ ပေါ် အခြေခံပြီး ရေးဆွဲ ပြင်ဆင်နိုင်တယ်ဆိုပေမယ့် ဒီလိုလုပ်နိုင်ဖို့ အမြဲတမ်းတော့ အခြေအနေပေးမှာ မဟုတ်ပါဘူး။
တစ်ခါတစ်ရံမှာ ခေါင်းဆောင်တွေအနေဲ့ လူထုဆန္ဒနဲ့ မကိုက်ညီမှန်း သိသိကြီးနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ရရှိဖို့ အပေးအယူလုပ်ပြီး စေ့စပ် ညှိနှိုင်းလိုက်ရတာမျိုးလည်း ရှိလာနိုင်ပါတယ်။ ဒီလိုအခြေအနေတွေမှာ ခေါင်းဆောင်တွေအနေနဲ့ မှန်ကန်တဲ့လုပ်ရပ်မှန်း သူတို့သိနေတဲ့ အရေးယူ ဆောင်ရွက်ချက်တွေကို လူကြိုက်များ ထောက်ခံမှုလည်း မထိခိုက်လေအောင် ဘယ်လို ချိန်ခွင်လျှာညှိနိုင်မလဲဆိုတာကို စဉ်းစားဆုံးဖြတ်ဖို့ လိုအပ်လာပါလိမ့်မယ်။ နည်းလမ်းတစ်ခုကတော့ ပြန်လည် ဘောင်သွင်းပုံဖော်တဲ့ နိုင်ငံရေးမဟာဗျူဟာကို အသုံးချခြင်းဖြစ်ပါတယ် (လင့်ခ် ၅.၃)။ လူကြိုက်များ ထောက်ခံမှုရရှိဖို့ ရေရှည်မှာ လူတိုင်းကို ဘယ်လို အကျိုးပြုသွားလိမ့်မယ်ဆိုတာကိုပါ ဖော်ပြရင်းနဲ့ လူ့အဖွဲ့အစည်းတွင်း ရှိနှင့်ပြီးဖြစ်တဲ့ ယုံကြည်မှု အစွဲတွေအပေါ်တည်ပြီး လွှမ်းခြုံမှုရှိအောင် တည်ဆောက်ထားတဲ့ပုံစံမျိုးနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ကို ဘောင်သွင်း ပုံဖော်သွားနိုင်ပါတယ်။
ဥပမာအားဖြင့် လူထုကြားထဲမှာ ငြိမ်းချမ်းရေးလိုချင်တဲ့ အာသီသ ပြင်းထန်နေပြီးသားဖြစ်နေရင် နိုင်ငံရေးသမားတွေအနေနဲ့ လူကြိုက်များ ထောက်ခံမှုရရှိစေဖို့ ငြိမ်းချမ်းရေး သဘောတူညီချက်က ဘယ်ပုံဘယ်နည်းနဲ့ ငြိမ်းချမ်းရေးကိုဆောင် ကျဉ်းပေးမလဲဆိုတာကိုပဲ ပြသပေးဖို့ လိုပါလိမ့်မယ်။ လူထုတွေက လက်စားချေဖို့နဲ့ နယ်မြေချဲ့ထွင်လိုတဲ့ စိတ်ဆန္ဒကိုပဲ အဓိက အာရုံစိုက်နေကြပြီး စိတ်ခံစားချက်တွေနဲ့ အမျက်ဒေါသတွေ ပြင်းထန်နေတဲ့အခါကျမှသာ လုပ်ရကိုင်ရတာပိုပြီး ရှုပ်ထွေး ခက်ခဲသွားတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ နိုင်ငံရေး ခေါင်းဆောင်တစ်ဦးအနေနဲ့ လူထုစိတ်ထဲမှာ အရေးကြီးတယ်လို့ ယူဆထားတဲ့အရာတွေ လွှမ်းခြုံပါဝင်မှုရှိတဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ထဲက ပြဌာန်းချက်တွေကို အသားပေးပြောဆိုဖို့ လိုအပ်လာပါလိမ့်မယ်။ ဥပမာ သူတို့အတွက် အကျိုးရှိစေမယ့်ပုံစံမျိုးနဲ့ ပြည်နယ်နဲ့ ပဋိပက္ခမျဉ်းတွေကို ပြန်ပြီး ဆွေးနွေးညှိနှိုင်းတာက ငြိမ်းချမ်းရေး သဘောတူညီချက်အပေါ် ပိုပြီး လူကြိုက်များ ထောက်ခံလာစေနိုင်ပါတယ်။
မသေချာမရေရာမှုထဲမှာ ဦးဆောင်ခြင်း - ထိရှလွယ်တဲ့အချိန်တွေထဲက ရဲစွမ်းသတ္တိ
ထိရှကွဲကြေလွယ်ပြီး မသေချာမရောမှုတွေ ပြည့်နေတဲ့အချိန်မျိုးမှာ ဦးဆောင်တတ်ဖို့ဆိုရင် မသေချာ မရေရာမှုတွေနဲ့ နှစ်ပါးသွားကနိုင်စေမယ့် ဆန်းသစ် ဖောက်ထွက်တဲ့ မဟာဗျူဟာတွေနဲ့ စွမ်းဆောင်ရည်တွေ ရှိနေဖို့ လိုအပ်ပါတယ်။ ခေါင်းဆောင်တွေအနေနဲ့ ထိရှ ကွဲကြေလွယ်မှုနဲ့ အစိုးမရတဲ့ အခြေအနေတွေကို ထိထိရောက်ရောက် မီးစင်ကြည့်ကနိုင်ဖို့ လိုက်လျောညီထွေ ပြုလုပ်နိုင်စွမ်းနဲ့ ပြောင်းလဲနေတဲ့ အခြေအနေတွေကို စဉ်ဆက်မပြတ် စောင့်ကြည့် သင်ခန်းစာယူဖို့ စိတ်လိုလက်ရ ရှိနေရပါမယ်။ အများပြည်သူရဲ့ ယုံကြည်မှုကို ရယူနိုင်ရမှာဖြစ်သလို အရဲစွန့်ရမှု အန္တရာယ်တွေနဲ့ ဆုံးရှုံးနစ်နာမှုတွေကိုလည်း ကောင်းကောင်း စီမံခန့်ခွဲနိုင်စွမ်း ရှိရပါမယ်။[15]
ထိလွယ်ရှလွယ်ဖြစ်နေတဲ့ ရေခံမြေခံ အခင်းအကျင်းနဲ့ ဆက်ဖြစ်နေတဲ့ စစ်ပွဲတွေက နိုင်ငံရေးသမားတွေနဲ့ အခြားပဋိ ပက္ခဇာတ်ကောင်တွေအတွက် အန္တရာယ်များတဲ့ အခြေအနေတွေ ထွက်ပေါ်လာစေပါတယ်။ ဒီလိုအကဲဆတ်တဲ့ အခြေအနေတွေမှာ သူတို့အနေနဲ့ တစ်ခါတစ်ရံမှာ အရဲစွန့်ရမှု အန္တရာယ်မြင့်မားတဲ့ ဆုံးဖြတ်ချက်တွေချမှတ်ဖို့ အကြောင်းဖန်လာနိုင်ပါတယ်။ အကြမ်းဖက်ခံရနိုင်တဲ့ ခြိမ်းခြောက်မှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှု သို့မဟုတ် အခြားအကြမ်း ဖက်တဲ့ ရန်လိုတိုက်ခိုက်မှုတွေရဲ့ ပစ်မှတ်ဖြစ်သွားနိုင်တဲ့ အရဲစွန့်ရမှု အန္တရာယ်တွေက နိုင်ငံရေးခေါင်းဆောင်တွေနဲ့ အစိုးရယန္တရားတွေရဲ့ အုပ်ချုပ်ရေးနဲ့ ငြိမ်းချမ်းရေး တည်ဆောက်မယ့် ကြိုးပမ်းအားထုတ်မှုတွေကို အဟန့်အတား ဖြစ်လာစေနိုင်ပါတယ်။ ဒီလိုလုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ဘေးအန္တရာယ်များတဲ့ အရဲစွန့်ရမှုအန္တရာယ်တွေက အပြန်အလှန် ယုံကြည်မှု ကင်းမဲ့နေတဲ့ အခြေအနေကို ပိုပြီး ဆိုးရွားလာစေပါတယ်။ လူမှုကွန်ရက်အခြေပြု မီဒီယာတွေ များပြားလာတာနဲ့အမျှ သတင်းအချက်အလက်ဖလှယ်နိုင်တဲ့ အခွင့်အလမ်းတွေ အများကြီး ပေါ်ထွက်လာသလို ယုံကြည်မှုကိုပိုပြီး ကျဆင်းသွားစေမယ့် သတင်းအမှားဖြန့်ဝေမှုတွေလည်း ပိုပြီး များလာနိုင်ပါတယ်။[16]
ခက်ခဲတဲ့အချိန်တွေမှာ ကောင်းမွန်တဲ့ ဦးဆောင်မှုကို အစုအဖွဲ့တွေအားလုံးနဲ့ လူတန်းစား အလွှာပေါင်းစုံ ကိုယ်စားပြုပါဝင်စေတဲ့ အားလုံး လွှမ်းခြုံပါဝင်မှုရှိတဲ့ ချဉ်းကပ်မှုမျိုးနဲ့ ပုံဖော် ယူရတာပါ။ ‘လူငယ်’နဲ့ ‘လူကြီး’ မျိုးဆက်တွေကို ခွဲခြားခွဲခြားပြောတာထက် ‘ဒီနေ့ခေတ်’မျိုးဆက်တွေလို့ သုံးနှုန်းနိုင်စေမယ့် အသုံးအနှုန်းမျိုး ရှာသုံးပြီး မျိုးဆက်တစ်ခုထဲအနေနဲ့ သူတို့အချင်းချင်း ဘယ်လို ထိတွေ့ဆောင်ရွက်နိုင်ကြမလဲဆိုတာကို အဓိကထားပြောဆိုတတ်ဖို့ လိုအပ်ပါတယ်။[17]
အစိုးမရဘဲ ထိရှလွယ်တဲ့အချိန်တွေမှာ လူထုရဲ့ အကောင်းဆုံး အကျိုးစီးပွားကို ရှေးရှုလုပ်ကိုင်ရင်း ခြိမ်းခြောက်မှုတွေ၊ အရဲစွန့်ရမှု အန္တရာယ်တွေနဲ့ ရှုပ်ထွေးမှုတွေကို ခြေရာခံဖော်ထုတ်ဖို့ ခိုင်မာတဲ့ ရဲစွမ်းသတ္တိနဲ့ မဟာဗျူဟာမြောက်တဲ့ မျှော်ရည်ချက်ကောင်းတစ်ခုရှိဖို့ လိုအပ်လာနိုင်ပါတယ်။ ရဲစွမ်းသတ္တိဆိုတာ ကိုယ့်အတွင်းထဲကလာတာဖြစ်ပြီး မဟာ ဗျူဟာမြောက် မျှော်ရည်ချက်နဲ့ စဉ်းစားတွေးခေါ်မှုတွေကတော့ အများအားဖြင့် စိတ်နဲ့ ချိတ်ဆက်နေတတ်ပါတယ်။ အတွေးအခေါ်နဲ့ သင်္ချာပညာရှင် ဘလေ့ဇ်ပါ့စ္စကာကနေပြီး ထိရှကွဲကြေလွယ်တဲ့အချိန်တွေမှာ ဦးဆောင်ရတဲ့စိန်ခေါ်မှု တွေကို ရင်ဆိုင်နေကြရတဲ့ ခေါင်းဆောင်တွေကို အထောက်အကူဖြစ်စေနိုင်တဲ့ နှလုံးသားထဲက အသိပညာအကြောင်း[18]ရေးသားခဲ့ဖူးပါတယ်။ နိုင်ငံရေးမဟာဗျူဟာ သို့မဟုတ် ဆုံးဖြတ်ချက်တစ်ခုက သိသိသာသာ အရဲစွန့်ရမှု အန္တရာယ်ရှိနေတဲ့အခါမျိုးမှာ အသုံးဝင်လာနိုင်တဲ့ သာဓကတွေထဲမှာ လူသားချင်းစာနာမှု အထောက်အပံ့ပေးအပ်တာ သို့မဟုတ် ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းမှုမှာ ပါဝင် ဆောင်ရွက်တာတွေ ပါဝင်နေပါတယ်။ အရဲစွန့်ရမှု အန္တရာယ်ရှိနေတဲ့ ကြားထဲ ကိုယ်လုပ်တာ မှန်ကန်မှုရှိမရှိ ဆုံးဖြတ်ချက်ချနိုင်ဖို့ ခေါင်းဆောင်တွေအနေနဲ့ နှလုံးသားထဲက အသိပညာကို အားကိုးအားထား ပြုနိုင်ပါတယ်။ ဒီအသိပညာက စကားလုံးတွေနဲ့ ရှင်းပြလို့မရသလို စိတ်ခံစားချက် သက်သက်ချည်း လည်းမဟုတ်ဘဲ ခန္ဓာကိုယ်ထဲမှာ ခံစားမိတဲ့ အတွင်းသိစိတ် ဖြစ်ပါတယ်။
အတွင်းသိစိတ်ဆိုတာ အများအားဖြင့် ယုတ္တိဗေဒသဘောနဲ့ ဖော်ပြရ သို့မဟုတ် သက်သေပြရတာ အရမ်းခက်ခဲတတ်ပေမယ့် နှလုံးသားထဲက အသိပညာက သူ့ဖာသာသူကျ ရှင်းလင်းပြတ်သားပြီး သေချာနေတတ်တာမို့ နှလုံးသားထဲက အသိပညာနောက်လိုက်ပြီး ယုံကြည်အားထားရဲတဲ့ သတ္တိတော့ ရှိနေဖို့ လိုအပ်ပါတယ်။[19] နောက်ထပ် တစ်ခြားဘယ်နည်းနဲ့မှ အကူအညီရနိုင်တဲ့ လမ်းကြောင်း မရှိတဲ့သူတွေကို လူသားချင်း စာနာထောက်ထားမှု အကူအညီတွေပေးအပ်ဖို့ မြန်မာနိုင်ငံသားတွေ စီစဉ်ဆောင်ရွက်တဲ့ တရားဝင် လမ်းကြောင်းပြင်ပ အကူအညီပေးရေး ကွန်ရက်တွေကို သာဓကထားပြီး သင်ခန်းစာ ယူနိုင်ပါတယ်။ သူတို့ရဲ့နှလုံးသားတွေထဲက အသိပညာအရ ဒီဆောင်ရွက်ချက်က မှန်ကန်တဲ့လုပ်ရပ်တစ်ခုဖြစ်တယ်လို့ ပြောပြနေတဲ့အတွက် အရဲစွန့်ရမှု အန္တရာယ်တွေကြားထဲက ဖြစ်နိုင်ခြေ အလားအလာကောင်းတွေကို သူတို့ ဖန်တီးနိုင်ခဲ့ကြတာပါ။ ကိုယ့်စိတ်ထဲမှာ မှန်တယ်လို့သိနေတာကို လုပ်ရတာက အမြဲတမ်းတော့ လွယ်ကူနေမှာ မဟုတ်ပေမယ့် ခက်ခဲတဲ့အချိန်တွေမှာ ကိုယ့်ရဲ့ နိုင်ငံရေး ရည်မှန်းချက်တွေ ပြည့်မှီလာပြီး ပိုကောင်းတဲ့ ပိုငြိမ်းချမ်း တဲ့ အနာဂတစ်တစ်ခုကို ဖန်တီးနိုင်ဖို့ ဒါကရွေးချယ်စရာမရှိတဲ့ တစ်ခုတည်းသော နည်းလမ်း ဖြစ်နေတတ်ပါတယ်။
နိုင်ငံရေးအမွေအနှစ် - ကိုယ်ချန်ထားရစ်နိုင်တဲ့ ငြိမ်းချမ်းရေး
နောက်မျိုးဆက်တွေအထိ ကိုယ့်အနေနဲ့ ချန်ထားရစ်ခဲ့နိုင်တဲ့ ငြိမ်းချမ်းရေးကို စနစ်တကျ တည်ဆောက်ထားတဲ့ မူဝါဒတွေနဲ့ အစိုးရယန္တရားတွေကနေ ကိုယ့်ရဲ့ခေါင်းဆောင်မှုကို ထင်ဟပ်နေစေမယ့် နိုင်ငံရေး ယုံကြည်ချက်တွေနဲ့ ကိုယ်ကျင့်သိက္ခာတွေကနေတစ်ဆင့် ပုံဖော်သွားရမှာ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးအမွေအနှစ်ကို စဉ်းစားကြတဲ့အခါ မဟတ္တမဂန္ဒီကတော့ အထင်ကရအရှိဆုံး ပုံသက်သေကောင်းတစ်ခု ဖြစ်ပါတယ်။ နောက်ထပ်အထင်ကရ ပုဂ္ဂိုလ်ကျော်ပေါင်းများစွာကလည်း သူ့ရဲ့ အမှန်တရား၊ အကြမ်းမဖက်တဲ့နည်းလမ်းနဲ့ ပုန်ကန်မှုနဲ့ ငြိမ်းချမ်းရေး အခြေခံမူတွေကို လိုက်လျှောက်ပြီး သူတို့ကိုယ်ပိုင် အမွေအနှစ်တွေကို ဖန်တီးခဲ့ကြပါတယ်။ ဂန္ဒီရဲ့ အကြမ်းမဖက်ဘဲ တော်လှန်ပုန်ကန်မှု အခြေခံမူတွေကို စွဲကိုင်ခဲ့ကြသူတွေထဲမှာ မာတင်လူသာကင်းနဲ့ နဲလ်ဆင်မန်ဒဲလားတို့က အကောင်းဆုံး သာဓကတွေ ဖြစ်ကြပါတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အရေးတော်ပုံထဲမှာ ဒေါ်အောင်ဆန်းစုကြည်သည်လည်း အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ တော်လှန်ပုန်ကန်ရေး အခြေခံမူတွေကို စွဲကိုင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။[20]
ဂန္ဒီချမှတ်ခဲ့တဲ့ အခြေခံမူတွေပေါ် အခြေခံပြီး ပေါ်ပေါက်လာခဲ့ကြတဲ့ နိုင်ငံရေး အမွေအနှစ်တွေအကြား ဘုံတူညီနေကြတဲ့အရာက နိုင်ငံရေး အမွေအနှစ်တစ်ခု လက်ဆင့်ကမ်းတဲ့နေရာမှာ အကြမ်းမဖက်ဘဲ တော်လှန်ပုန်ကန်မှုရဲ့ စွမ်းအားနဲ့ အရေးပါမှုကို မီးမောင်း ထိုးပြနေခြင်း ဖြစ်ပါတယ်။ ဂန္ဒီက စစ်မှန်တဲ့ လမ်းကြောင်းတွေကနေတစ်ဆင့်သာလျှင် ရရှိနိုင်တဲ့ ငြိမ်းချမ်းရေးလိုမျိုး စစ်မှန်တဲ့ ရည်မှန်းချက်တွေကို ရှာဖွေတွေ့ရှိခဲ့တာပါ။ ဂန္ဒီက ယာယီအားဖြင့်သာ ကောင်းသလို ထင်ရပေမယ့် သူကြောင့် ဖြစ်ပေါ်လာတဲ့ မကောင်းမှုက အင်မတန် သက်ဆိုးရှည်တဲ့အတွက် အကြမ်းဖက်မှုကို ဆန့်ကျင်ခဲ့ခြင်း ဖြစ်ပါတယ်။[21] နိုင်ငံရေး ခေါင်းဆောင်တွေအနေနဲ့သာ သူတို့ရဲ့ နိုင်ငံရေးမဟာဗျူဟာတွေထဲ ဒီလို အခြေခံမူတွေကို ထည့်သွင်းကျင့်သုံးပြီး အကြမ်းမဖက်ရေး မူဝါဒတွေကို ချမှတ်နိုင်ခဲ့မယ်ဆိုရင် ငြိမ်းချမ်းရေး အမွေအနှစ် ချန်ထားရစ်ခဲ့နိုင်တယ်ဆိုတဲ့ သူတို့ရဲ့ နိုင်ငံရေးပုံရိပ်တွေ သိသိသာသာ ပိုပြီးအားကောင်းလာမှာ ဖြစ်ပါတယ်။
ငြိမ်းချမ်းရေး အမွေအနှစ်တစ်ခုကို စနစ်တကျ တည်ဆောက်ထားတဲ့ မူဝါဒတွေနဲ့ အစိုးရယန္တရားတွေလို နိုင်ငံရေးလမ်းကြောင်းတွေကနေတစ်ဆင့်လည်း ဖန်တီးလို့ရပါတယ်။ သာဓကတွေအနေနဲ့ ဒီထဲမှာ ဒီမိုကရေစီ အခြေခံမူတွေအပေါ် တည်ဆောက်ထားတဲ့ ပွင်းလင်းမြင်သာတဲ့ အုပ်ချုပ်ရေးစနစ်တွေ၊ ပြန်လည်ပြင်ဆင် ကုစားခွင့်ပြုတဲ့ တရားမျှတရေးနဲ့ ကိုက်ညီတဲ့ တရားရေးစနစ်၊ လက်စားချေခြင်းထက် ပြန်လည်ကုစားရေးကို အလေးပေး အာရုံစိုက်ခြင်းနဲ့ ဆက်ခံသူတွေကို ပွင့်ပွင်းလင်းလင်း ဆက်လက် တွေ့ဆုံဆွေးနွေးနိုင်အောင် အထောက်အကူပြုတဲ့ ကျယ်ပြန့်တဲ့ နိုင်ငံရေးကွန်ရက်တွေ ပါဝင်နေပါတယ်။ ခိုင်မာအားကောင်းတဲ့ မူဝါဒတွေနဲ့ အစိုးရယန္တရားတွေ ဖြစ်လာစေမယ့် အခြေခံအုတ်မြစ်တွေ ထူထောင်ပြီး နိုင်ငံရေး ဆုံးဖြတ်ချက်တွေချမှတ်ရာမှာ ဖောက်လွှဲဖောက်ပြန်မရှိတဲ့ ကျင့်ဝတ်တွေနဲ့ ကိုယ်ကျင့် သိက္ခာတရားတွေကို ပြသခြင်းအားဖြင့် အနာဂတ်မျိုးဆက်တွေ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်မှာ ဆက်လျှောက်လှမ်းနိုင်ဖို့ သို့မဟုတ် အဓွန့်ရှည် တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ဆက်လက် ထိန်းသိမ်းထားနိုင်အောင် နိုင်ငံရေး ခေါင်းဆောင်တွေအနေနဲ့ ပံ့ပိုးကူညီ ပေးနိုင်ပါတယ်။
ငြိမ်းချမ်းရေး အမွေအနှစ်ကို မျက်မှောက်ပစ္စုပ္ပန်မှာ ဖန်တီးရတာပါ။ ဒီနေ့ရဲ့ နိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့ ဂန္ဒီရဲ့ အကြမ်းမဖက်ရေး၊ အမှန်တရားနဲ့ ငြိမ်းချမ်းရေး အခြေခံမူတွေကို လိုက်နာစောင့်ထိန်းခြင်းအားဖြင့် အဓွန့်ရှည် တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးအမွေကို ချန်ထားရစ်ခဲ့နိုင်ပါတယ်။ ဒါကပြောရမယ်ဆိုရင် အကြမ်းဖက်မှုထက် တွေ့ဆုံဆွေးနွေးရေး၊ ပွင့်လင်းမြင်သာတဲ့ အုပ်ချုပ်ရေးအလေ့အထတွေနဲ့ မတူကွဲပြားတဲ့ အစုအဖွဲ့တွေအကြား စည်းလုံးညီညွတ်မှုကို တည်ဆောက်ပေးတဲ့ မဟာဗျူဟာတွေကို လိုက်နာ ကျင့်သုံးတာမျိုးကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ကိုယ်ချန်ထားရစ်ခဲ့တဲ့ ငြိမ်းချမ်းရေးမျိုးကို မျိုးဆက်တစ်ခုပြီးတစ်ခု ပြန်လည်ဖန်တီးပြီး ဆက်လက် သယ်ဆောင်သွားနိုင်ရပါမယ်။ နိုင်ငံရေး ခေါင်းဆောင်တွေရဲ့ တာဝန်က အနာဂတ်မျိုးဆက်တွေ ဆက်ပြီးတည်ဆောက်ယူနိုင်စေမယ့် ကိုယ်ကျင့်တရားလမ်းညွှန်နဲ့ အားကောင်းပြီး လက်တွေ့ကျတဲ့ အခြေခံအုတ်မြစ်တစ်ခုကို မျိုးစေ့ချပေးဖို့ ဖြစ်ပါတယ်။
[1] McIntyre Miller, W., & Green, Z. (2015). An integral perspective of peace leadership. Integral Leadership Review, 15(2).
[2] Tappe-Ortiz, M. (2020). Political leadership for peace processes: Juan Manuel Santos between hawk and dove.
[3] Tappe-Ortiz, M. (2020). Political leadership for peace processes: Juan Manuel Santos between hawk and dove.
[4] McIntyre Miller, W., & Green, Z. (2015). An integral perspective of peace leadership. Integral Leadership Review, 15(2).
[5] McIntyre Miller, W., & Green, Z. (2015). An integral perspective of peace leadership. Integral Leadership Review, 15(2).
[6] Muwanzi, J., & Goredema, D. (2023). The relevance of inclusivity in mediation and negotiation processes: A reflection. Research and Analysis Journals, 6(7).
[7] Muwanzi, J., & Goredema, D. (2023). The relevance of inclusivity in mediation and negotiation processes: A reflection. Research and Analysis Journals, 6(7).
[8] Ćeriman, J. (2025). Women, ethnicity, and peacebuilding: A case study of the councils of national minorities in Serbia. Nationalities Papers.
[9] Grizelj, I. (2019). Engaging the next generation: A field perspective of youth inclusion in Myanmar’s peace negotiations. International Negotiation, 24(2).
[10] Alomair, M. O. (2016). Peace leadership for youth leaders: A literature review. International Journal of Public Leadership, 12(3).
[11] Roberts, D. (2011). Beyond the metropolis? Popular peace and post-conflict peacebuilding. Review of International Studies, 37(5).
[12] Roberts, D. (2011). Beyond the metropolis? Popular peace and post-conflict peacebuilding. Review of International Studies, 37(5).
[13] Dyrstad, K., Binningsbø, H. M., & Bakke, K. M. (2022). Wartime experiences and popular support for peace agreements: Comparative evidence from three cases. Journal of Conflict Resolution, 66(9).
[14] Dyrstad, K., Binningsbø, H. M., & Bakke, K. M. (2022). Wartime experiences and popular support for peace agreements: Comparative evidence from three cases. Journal of Conflict Resolution, 66(9).
[15] Hardy, M. (2022). Responding to turbulent times: Where does leadership come in? New England Journal of Public Policy, 34(2).
[16] Hardy, M. (2022). Responding to turbulent times: Where does leadership come in? New England Journal of Public Policy, 34(2).
[17] Hardy, M. (2022). Responding to turbulent times: Where does leadership come in? New England Journal of Public Policy, 34(2).
[18] Bom, K. (2012). Heart and reason: Using Pascal to clarify Smith’s ambiguity. Pneuma, 34(3).
[19] Bom, K. (2012). Heart and reason: Using Pascal to clarify Smith’s ambiguity. Pneuma, 34(3).
[20] Gupta, B. (2023). Legacy of peace: Gandhi's ideals and the global visionaries. Himachal Pradesh University Journal, 11(2).
[21] Gupta, B. (2023). Legacy of peace: Gandhi's ideals and the global visionaries. Himachal Pradesh University Journal, 11(2).