ခေါင်းစဉ်များ > ငြိမ်းချမ်းရေး နှင့် ပဋိပက္ခ > Peace and the United Nations
Peace and the United Nations
2026-01-06
ငြိမ်းချမ်းရေးနှင့် ကုလသမဂ္ဂ
ကုလသမဂ္ဂ(UN)ဆိုတာ ငြိမ်းချမ်းရေး တည်ဆောက်မှုကို အဓိက လုပ်ငန်းတာဝန်ကြီး တစ်ရပ် အဖြစ် အကောင်အထည်ဖော်နေတဲ့ အဖွဲ့အစည်းကြီးတစ်ရပ် ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ချဉ်းကပ်တဲ့နည်းနာ သို့မဟုတ် ငြိမ်းချမ်းရေး တည်ဆောက်တဲ့ပုံစံတွေက သက်ဆိုင်ရာ ရေခံမြေခံ အခင်းအကျင်းအလိုက် အမျိုးမျိုး ကွဲပြားနေတတ်ပါတယ်။ ငြိမ်းချမ်းရေး တည်ဆောက်တဲ့ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍက ပဋိပက္ခဇာတ်ကောင်တွေ အချင်းချင်း စေ့စပ်ညှိနှိုင်းပြီး အဆင့်မြင့် သံတမန်လမ်းကြောင်း ကနေတစ်ဆင့် သဘောတူညီချက် ရယူ လာနိုင်အောင် အထောက်အကူပြုနိုင်တဲ့အပြင် ရရှိလာတဲ့ သဘောတူညီချက်ကို နှစ်ဖက် လေးစားလိုက်နာမှု ရှိလာအောင်လည်း စောင့်ကြည့်ထိန်းကျောင်းပေးနိုင်ပါတယ်။ တစ်နည်းပြောရရင် ကုလသမဂ္ဂရဲ့ လုပ်ငန်းတာဝန်က ပဋိပက္ခ ဖြစ်လာစေတဲ့ ဇစ်မြစ် အကြောင်းရင်းတွေကို ဖြေရှင်းပေးပြီး အဓွန့်ရှည် တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းပေးဖို့ အကောင်းဆုံး အခွင့်အရေးရရှိလာစေမယ့် ငြိမ်းချမ်းရေး တည်ဆောက်မှု အစီအစဉ်တွေကို ပံ့ပိုးကူညီ ပေးနိုင်ပါတယ်။[1]
ကုလသမဂ္ဂအနေနဲ့ အဓွန့်ရှည် တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးဆိုတာ ငြိမ်းချမ်းရေး တည်ဆောက်မှုကို နယ်ခံလူထုလူ တန်းစားတွေကိုယ်တိုင် ပါဝင်မောင်းနှင်လာတဲ့အခါနဲ့ ဒေသမှုပြုဖို့ ဘယ်လောက်ထိ အရေးကြီးသလဲဆိုတာကို အသိအမှတ်ပြုခြင်းအားဖြင့်သာလျှင် ရရှိလာနိုင်တယ်လို့ ရှုမြင် လက်ခံထားပါတယ်။[2] လက်တွေ့မှာ ကုလသမဂ္ဂရဲ့ ဒေသမှုပြုရေး ကြိုးပမ်းအားထုတ်မှုတွေက ကုလသမဂ္ဂဦးဆောင်တဲ့ စီမံကိန်းတွေအောက်မှာ နယ်ခံတွေနဲ့ ထိတွေ့ဆောင်ရွက်တဲ့ ပုံစံမျိုး ဖြစ်နေတတ်ပါတယ်။ ဒီနည်းက ထိရောက်မှုရှိနိုင်တယ်ဆိုပေမယ့် နယ်ခံဇာတ်ကောင်တွေဖက်က သူတို့ကို အကျိုးပြုဖို့ ရည်ရွယ်ထားတဲ့ စီမံကိန်းနဲ့ပတ်သက်ပြီး သူတို့ကိုယ်တိုင် ပိုင်ရှင်ဖြစ်ခွင့်ကို လက်လွှတ်လိုက်ရမယ်လို့ ဆိုလိုရာရောက်နေပါတယ်။ ကုလသမဂ္ဂရဲ့ ပါဝင်ဆောင်ရွက်မှုကို ပိုပြီးတန်ဖိုးရှိလာစေနိုင်မယ့် နည်းလမ်းတစ်ခုကတော့ နယ်ခံအဖွဲ့အစည်းတွေကိုယ်တိုင် ကမကထပြုဦးစီးဦးဆောင်တဲ့ စီမံကိန်းတွေကို ပံ့ပိုးကူညီခြင်း ဖြစ်ပါတယ်။ နယ်ခံတွေရွေးချယ်တဲ့ အရွေ့ကို ပံ့ပိုးကူညီပေးရမယ့်အစား ကိုယ်တိုင်ကမကထပြု ဦးဆောင်ဦးရွက်ပြုဖို့ ပုံစံချထားတဲ့ ကုလသမဂ္ဂအတွက်တော့ ဒါကအတော်လည်း စိန်ခေါ်မှု ကြီးမားလာစေနိုင်ပါတယ်။
ပုံသေကားကျ အစီအစဉ်အတိုင်း တိုင်းတာသတ်မှတ်နိုင်စေမယ့် ကြောင်းကျိုးပြ ရလဒ်တွေအပေါ် အာရုံစိုက်လွန်းပြီး[3]အလိုက်သင့် ပြုပြင်နိုင်စွမ်းမရှိအောင် ကိုယ့်ကိုကိုယ် ပြန်ကန့်သတ်ထားတဲ့ ကျယ်ပြန့်လွန်းတဲ့ ဗျူရိုကရေစီ ယန္တရားတွေက ငြိမ်းချမ်းရေး တည်ဆောက်မှုနဲ့ ပတ်သက်တဲ့ ကုလသမဂ္ဂရဲ့ ချဉ်းကပ်မှုပုံစံအပေါ် နောက်ထပ် ရှုပ်ထွေးမှုတွေကိုဆောင်ကျဉ်းလာပါတယ်။ စစ်ပွဲရဲ့ ရှုပ်ထွေးတဲ့ သဘောသဘာဝကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ ကြောင်းကျိုးပြချက်ပေါ်မှာသာ အခြေခံပြီး ရှင်းလင်းပြတ်သားတဲ့ ရည်မှန်းချက်တွေနဲ့ စီမံကိန်းတွေကို ရေးဆွဲပြင်ဆင်လေ့ရှိတဲ့ ပုံသေကားကျ အစီအစဉ်အတိုင်း ချဉ်းကပ်မှုကနေ ဖယ်ခွာမှသာ ကုလသမဂ္ဂရဲ့ ထိတွေ့ဆောင်ရွက်မှုတွေ ပိုပြီးထိရောက် အကျိုးရှိလာပါလိမ့်မယ်။ ကုလသမဂ္ဂရဲ့ ဆက်သွယ် ပြောဆိုတဲ့နေရာမှာ နိုင်ငံရေးသမားတွေအနေနဲ့ ရေရှည်မျှော်ရည် ချက်တွေနဲ့ ပုံသေကားကျ အစီအစဉ်အတိုင်းမသွားတဲ့ ရည်မှန်းချက် ပန်းတိုင်တွေအပေါ် အလေးပေးအာရုံစိုက်ပြီး ပြောဆိုနိုင်မှသာလျှင် စီမံကိန်းတစ်ခုရဲ့ ရည်မှန်းချက်တွေနဲ့ အကျိုးရလဒ်တွေကို ခြင့်ချိန်သုံးသပ်တဲ့နေရာမှာ ပုံသေကားကျ အတွေးအမြင်တွေကို ပြောင်းလဲလိုက်ဖို့ လိုအပ်နေမှန်း ကုလသမဂ္ဂအနေနဲ့ သတိထားမိလာမှာဖြစ်ပါတယ်။
ကိုယ့်အဖွဲ့အစည်းရဲ့ အကန့်အသတ်တွေကို သတိထားမိလာတာကောင်းသလို တစ်ဖက်မှာ ကိုယ့်ရဲ့စံတန်ဖိုးတွေကိုလည်း အသိအမှတ်ပြုဖို့ အရေးကြီးပါတယ်။ ဥပမာအားဖြင့် ကုလသမဂ္ဂဆိုတာ စေ့စပ်ညှိနှိုင်းရေးနဲ့ ကြားဝင်ဖျန်ဖြေရေး အပါအဝင် ဘက်လိုက်မှုကင်းတဲ့ ကြားနေအဖြစ် ဆောင်ရွက်ရင်း ပါဝင်နေကြသူတွေ ဘေးကင်းလုံခြုံအောင် ထိန်း သိမ်းစောင့်ရှောက်တဲ့နေရာမှာ အတွေ့အကြုံရင့်ကျက်တဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ ကုလသမဂ္ဂအနေနဲ့ ကြားဝင်ဖျန်ဖြေရေး တာဝန်တွေကို မထမ်းဆောင်ခင်မှာ ကုလသမဂ္ဂ၊ ပဋိပက္ခ ဇာတ်ကောင်တွေနဲ့ နယ်ခံ လူထုလူတန်းစားတွေအကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်ထားပြီးသားဖြစ်နေဖို့ အရမ်း အရေးကြီးပါတယ်။ ကုလသမဂ္ဂရဲ့ စိတ်ရင်း စေတနာ မှန်ကန်ကြောင်း ဖော်ပြတဲ့အနေနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေထဲ ပါဝင်ဆောင်ရွက်မှု သို့မဟုတ် နယ်ခံအရွေ့တွေကို ပံ့ပိုးကူညီမှုလိုမျိုး သေးငယ်တဲ့ အရွေ့လေးတွေကနေ အပြန်အလှန် ယုံကြည်မှုကို ပျိုးထောင်ယူနိုင်ပါတယ်။ ကုလသမဂ္ဂရဲ့ ဖွဲ့စည်းတည်ဆောက်မှု ပုံစံအရ အကန့်အသတ်တွေ ရှိနေနိုင်တယ်ဆိုပေမယ့် ဒီစနစ်တွေထဲကပဲ ဖြေရှင်းရေး နည်းလမ်းတွေကို ရှာဖွေဖော်ထုတ်ဖို့ ကြိုးစားပမ်းစား အလုပ်လုပ်နေကြတဲ့ လူပေါင်းများစွာကို အဖွဲ့အစည်းထဲမှာ ခန့်အပ် တာဝန်ပေးထားပါတယ်။ လူမှန်နေရာမှန် ပြောဆို ဆက်သွယ်ဖို့ လိုအပ်သူကို ရှာဖွေဖော်ထုတ်ပြီး ပူးပေါင်းဆောင်ရွက်တာက ထိရောက်တဲ့ ထိတွေ့ဆက်ဆံရေးအတွက် ကောင်းမွန်တဲ့ပထမခြေလှမ်း ဖြစ်လာနိုင်ပါတယ်။
မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲက အာဆီယံရဲ့အခန်းကဏ္ဍ
အာဆီယံဆိုတာ စတင်တည်ထောင်ကတည်းက အဖွဲ့ဝင်နိုင်ငံတွေကို ကိုယ့်ပြည်တွင်းရေး ကိုယ့်ဖာသာဖြေရှင်းကြဖို့ ခွင့်ပြုထားပြီး ပြည်တွင်းရေးကိစ္စ မစွက်ဖက်ရေးမူဝါဒကို ဆုပ်ကိုင်လာခဲ့တဲ့ နိုင်ငံတကာအဖွဲ့အစည်းတစ်ရပ် ဖြစ်ပါတယ်။[4]ဒါက အာဆီယံလမ်းကြောင်းကို တည်ဆောက်ထားတဲ့ အခြေခံမူတွေထဲက တစ်ခုဖြစ်ပါတယ်။ အာဆီယံလမ်းကြောင်းဆိုတာ အဖွဲ့အစည်းရဲ့ မစွက်ဖက်ရေး၊ သံတမန်ဆက်ဆံရေးနဲ့ ဘုံသဘောတူညီမှု အခြေပြု ဆုံးဖြတ်ချက်ချ မှတ်ရေးမူတွေကို ရည်ညွှန်းခြင်း ဖြစ်ပါတယ်။ ဒီအခြေခံမူတွေကို အဖွဲ့ဝင်နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာ ပိုင်စိုးမှုကို လေးစား အသိအမှတ်ပြုတဲ့အနေနဲ့ ချမှတ်ခဲ့ကြတာ ဖြစ်ပါတယ်။ မြင့်တက်လာနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့အတူ ပြောင်းလဲလာနေတဲ့ လက်ရှိ အခင်းအကျင်းမှာ လူသားချင်း စာနာထောက်ထားရေး အကျပ်အတည်းကို စုပေါင်းဖြေရှင်းဖို့ နည်းလမ်းရှာကြတဲ့နေရာမှာ အဖွဲ့အစည်းရဲ့ ကျောရိုးဖြစ်နေတဲ့ ဒီအခြေခံမူတွေက အလုပ်ဖြစ်ပုံ မရတော့ပါဘူး။မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ထဲက လူ့အခွင့်အရေး ချိုးဖောက်မှုတွေက ဒါကိုရှင်းရှင်းလင်းလင်း သက်သေ ပြနေကြပါတယ်။ ဘုံသဘောတူညီချက် အခြေပြု ဆုံးဖြတ်ချမှတ်မှုစနစ်နဲ့ မစွက်ဖက်ရေးအခြေခံမူတွေရဲ့ အကန့်အသတ်အောက်မှာ အာဆီယံအနေနဲ့ သင့်တော်တဲ့ တုန့်ပြန်မှုတွေ မလုပ်နိုင်တော့သလို မြန်မာ့ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်ထဲမှာလည်း သူ့ရဲ့အခန်းကဏ္ဍ မရှိသလောက်ကို ပျောက်ဆုံးသွားခဲ့ပါပြီ။[5]
မလေးရှားရဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်းဖြစ်သူ ဆာအိဗ်ဖူဒင်က မစွက်ဖက်ရေးအခြေခံမူကို အကြောင်းပြပြီး ဘာမှမလုပ်တာမျိုးတော့ မဖြစ်သင့်ဘူးလို့ ပြောဆို သွားခဲ့ပါတယ်။[6] မစွက်ဖက်ရေးအခြေခံမူနဲ့ ဆန့်ကျင်စရာမလိုဘဲ အာဆီယံ အနေနဲ့ စစ်အာဏာရှင်ရဲ့ လုပ်ရပ်တွေကို လက်သင့်မခံကြောင်း ထုတ်ဖော်ပြသပြီး ပြစ်ဒဏ်မခံရဘဲ ကင်းလွတ်ခွင့်ရနေတာကို တန်ပြန်ဖို့ အထောက်အကူပြုတဲ့ ခြေလှမ်းတွေကို ရွေးချယ် လျှောက်လှမ်းနိုင်ပါတယ်။ အာဆီယံရဲ့ စစ်အာဏာရှင်နဲ့ ထိတွေ့ဆက်ဆံမှုက တရားဝင်အစိုးရတစ်ရပ်မဟုတ်တဲ့ စစ်ဖက်အာဏာနဲ့ ဆက်ဆံရေးသာ ဖြစ်ပါတယ်။ NUG နဲ့ NUCC တို့ကို အဓိက အကျိုးပတ်သက် ပါဝင်သူတွေအနေနဲ့ စတင် ထိတွေ့ဆောင်ရွက်တာကလည်း အာဆီယံအတွက် တာထွက်ကောင်းတစ်ခု ဖြစ်လာပါလိမ့်မယ်။ စစ်အာဏာရှင်ဖက်က သူတို့ရဲ့အာဏာ တစ်ချို့တစ်ဝက်ကို စွန့်လွှတ်လိုက်ဖို့ သို့မဟုတ် အမျိုးသား ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်မှာ ပါဝင်ဆောင်ရွက်သွားဖို့ လုံးဝစိတ်ဝင်စားမှု မရှိတဲ့အတွက် ဒါကအထူးတလည် အရေးပါတဲ့ စဉ်းစားချက် ဖြစ်လာပါလိမ့်မယ်။ စင်ကာပူအခြေစိုက် နိုင်ငံတကာရေးရာ အသင်းဥက္ကဌဖြစ်သူက အာဆီယံနဲ့ ဒီဖက်က ဗိုလ်ချုပ်တွေအကြား ဆက်သွယ်ရေး လမ်းကြောင်းတစ်ချို့ ဆက်ဖွင့်ထားဖို့ လိုအပ်တယ် ဆိုပေမယ့် စစ်အာဏာရှင်နဲ့ချည်းမဟုတ်ဘဲ အခြား အကျိုးပတ်သက် ပါဝင်နေသူအားလုံးနဲ့လည်း ထိတွေ့ဆက်ဆံဖို့ လိုအပ်ပါတယ်ဆိုပြီး စည်းရုံးအရေးဆိုခဲ့ပါတယ်။[7]
ဆက်လက် မြင့်တက်လာနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ စစ်အာဏာရှင်ရဲ့ စေ့စပ် ညှိနှိုင်းလိုတဲ့ စိတ်ဆန္ဒကင်းမဲ့နေမှုက အခြေခံမူတွေကနေ ဖယ်ခွာပြီး ပိုပြီးအားကောင်းတဲ့ အရေးယူ ဆောင်ရွက်မှုတွေလုပ်ဖို့ အာဆီယံအတွက် လုံလောက်တဲ့ အကြောင်းပြချက်တွေ ဖြစ်ပါတယ်။ နိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့ စစ်အာဏာရှင်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပြန်လည် သင့်မြတ်လိုတဲ့ စိတ်ဆန္ဒကင်းမဲ့မှုကို အကြောင်းပြုပြီး ပိုမိုပြင်းထန်တဲ့ အရေးယူမှုတွေ လုပ် ဆောင်ပေးဖို့ အာဆီယံကို စည်းရုံး အရေးဆို နိုင်ပါတယ်။ ဒါ့အပြင် အာဆီယံရဲ့ ပိုမိုသင့်တော်တဲ့ အရေးယူ ဆောင်ရွက်ချက်တွေက နိုင်ငံတကာ အသိုက်အဝန်းဆီကို မိမိတို့အနေနဲ့ စစ်အာဏာရှင် ကျူးလွန်နေတဲ့ ပြစ်မှုတွေကို လက်သင့်မခံပါဘူးဆိုတဲ့ သတင်းစကားပါးရာ ရောက်ကြောင်းကိုလည်း မီးမောင်းထိုး ပြောဆိုနိုင်ပါတယ်။ မစွက်ဖက်ရေးဆိုတဲ့ အခြေ ခံ အုတ်မြစ်ပေါ် မှီခိုအားထားနေတာထက် အနှစ်သာရပြည့်စုံတဲ့ အင်္ဂါစုံ ငြိမ်းချမ်းရေးအယူအဆနဲ့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး အခြေခံမူတွေပေါ် သန္ဓေတည်မယ့် အခြေခံအုတ်မြစ် တစ်ခုကို ပြန်ပြီးညှိနှိုင်း သဘောတူညီမှုရယူမယ့် အာဆီယံလမ်းကြောင်းသစ်ကို ပျိုးထောင် ယူနိုင်ပါတယ်။
နိုင်ငံတကာဇာတ်ကောင်များ ပါဝင်လာခြင်း - အကျိုးရလဒ်များနှင့် အရဲစွန့်ရမှုအန္တရာယ်များ
ကမ္ဘာတစ်လွှား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေမှာ နိုင်ငံတကာ ဇာတ်ကောင်တွေရဲ့ ပါဝင် ဆောင်ရွက်မှုကို အမြဲတမ်းလိုလို တွေ့မြင်ရတတ်ပါတယ်။ နိုင်ငံတကာ ဇာတ်ကောင်တွေကို ပါဝင်ဆောင်ရွက် စေခြင်းအားဖြင့် နိုင်ငံရေး အရဲစွန့်ရမှုအန္တရာယ် လျော့ကျလာပြီး အရင်းအမြစ်တွေကို ပိုမို လက်လှမ်းမီလာနိုင်တယ်ဆိုပေမယ့် တစ်ဖက်မှာလည်း နယ်ခံ လူထုလူတန်းစားတွေနဲ့ သူတို့ကို ကိုယ်စားပြုနေတဲ့ အဖွဲ့အစည်းတွေအကြား ပိုပြီး အချိတ်အဆက် ပြတ်သွားစေနိုင်ပါတယ်။
ပြီးခဲ့တဲ့နှစ်တွေထဲမှာ ပြင်ပအရေးယူဆောင်ရွက်မှု တစ်ခုတည်းအပေါ် မှီခိုအားထားမှု ထက်စာရင် နယ်ခံအသိပညာ ဗဟုသုတတွေပေါ် အခြေခံ တည်ဆောက်ထားတဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှု အစီအစဉ်တွေကို ပိုအလေးပေး အာရုံစိုက်ထားတဲ့ အမြင်သဘောထားတွေ တဖြည်းဖြည်း အားကောင်းလာပါတယ်။ ထိရောက်အကျိုးရှိပြီး အဓွန့်ရှည်တည် တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုဖြစ်ဖို့ နယ်ခံ လူထုလူတန်းစားတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ အသိပညာဗဟု သုတွေတွေ မဖြစ်မနေပါဝင်လာဖို့ လိုတယ်ဆိုတာကို နားလည်သဘောပေါက် လာကြပါပြီ။[8] အဓိပ္ပာယ် တစ်မျိုးတည်းရှိတဲ့ နယ်ခံ အသိပညာဗဟုသုတတွေ ရှင်းရှင်းလင်းလင်း သတ်မှတ် ပြဌာန်းထားပြီးဖြစ်တယ်လို့ ရည်ညွှန်းထားတဲ့အတွက် နယ်ခံ အသိပညာဗဟုသုတဆိုတဲ့ အသုံးအနှုန်းအပေါ် နားလည်မှု လွဲမှားသွားနိုင်ပါတယ်။ တကယ်တမ်းကျတော့ လက်တွေ့မြေပြင်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခ အခြေအနေတွေအပေါ် ရှုမြင်တဲ့ ပုံစံတွေနဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေ အမျိုးမျိုးရှိနေမှာဖြစ်တဲ့အတွက် အများကြီး ပိုပြီး သိမ်မွေ့ရှုပ်ထွေး နေတတ်ပါတယ်။
နိုင်ငံတကာ ဇာတ်ကောင်တွေက ဒီနယ်ခံအသိပညာတွေကို ရိုးရှင်းလွယ်ကူတဲ့ ပုံစံမျိုးနဲ့ ချဉ်းကပ် ပုံဖော်တတ်ကြတဲ့အတွက် အဖွဲ့အစည်းရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ ကြီးလေလေ တစ်ဆင့်ပြီး တစ်ဆင့်တက်တိုင်း နယ်ခံ အသိပညာဗဟုသုတတွေရဲ့ အသေးစိတ် အချက်အလက်တွေနဲ့ သိမ်မွေ့ရှုပ်ထွေးမှုတွေ တဖြည်းဖြည်း ပျောက်ဆုံးသွားနိုင်ခြေ မြင့်မားလေလေဖြစ်ပါတယ်။[9] ဒါ့အပြင် နယ်ခံတွေရဲ့ အသိပညာဗဟုသုတတွေထဲက အဖွဲ့အစည်းရဲ့ စီမံချက်တွေ သို့မဟုတ် ရှိ ရင်းစွဲ လက်ခံယုံကြည်မှုတွေနဲ့ အံဝင်ခွင်ကျ ပိုရှိတဲ့အရာတွေက ဆုံးဖြတ်ချက် ချမှတ်တဲ့နေရာမှာ သိမ်မွေ့ရှုပ်ထွေးမှုကို မီးမောင်းထိုးပြနေတဲ့ အသံတွေထက် ပိုပြီး ကျယ်လောင်နေတတ်တဲ့အတွက် သိပ်ပြီး အံဝင်ခွင်ကျ မရှိတဲ့အရာတွေကို စစ်ထုတ်လိုက်သလို ဖြစ်သွားတတ်ပါတယ်။[10] နိုင်ငံတကာဇာတ်ကောင်တွေ ပါဝင်လာခြင်းရဲ့ အရဲစွန့်ရမှု အန္တရာယ်တစ်ခုကတော့ သူတို့ရဲ့ ရှိရင်းစွဲယုံကြည်မှုတွေနဲ့ ကိုက်ညီတဲ့အသံတွေကိုပဲ ရွေးချယ် နားထောင်သွားပြီး နယ်ခံ အသိပညာဗ ဟုသုတ တစ်ခုလုံးကို လွှမ်းခြုံစဉ်းစားမှု ကင်းမဲ့သွားခြင်း ဖြစ်ပါတယ်။
အဖွဲ့ကြီးတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ အလုပ်လုပ်ရတဲ့အခါ အဖွဲ့ငယ်လေးတွေကို သူတို့ရဲ့ ကြီးမားတဲ့ ဖွဲ့စည်းတည်ဆောက်ပုံအောက် ဆွဲသွင်းခံရနိုင်တဲ့ အရဲစွန့်ရမှု အန္တရာယ်တွေကိုလည်း ပေါ်ထွက် လာစေတတ်ပါတယ်။ အနီးကပ်မိတ်ဖက် ဆောင်ရွက်မှုတစ်ခု ပြုလုပ်တဲ့အခါ နယ်ခံအဖွဲ့အစည်းတွေက နိုင်ငံတကာအဖွဲ့အစည်းတွေ သတ်မှတ်ထားတဲ့ တင်းကျပ်တဲ့ လုပ်ငန်းတာဝန်တွေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဆောင်ရွက်ရမယ်ဆိုတဲ့ အဓိပ္ပာယ်မျိုးလည်း သက်ရောက် သွားနိုင်ပါတယ်။ အလိုက်သင့် ပြောင်းလွယ်ပြင်လွယ် လုပ်လို့မရတော့ဘဲ အဖွဲ့အစည်းက ဖွဲ့စည်းပုံပိုကျလာတာနဲ့အမျှ နယ်ခံ လူထုလူတန်းစားတွေနဲ့ ပိုပိုပြီး ဝေးကွာလာတတ်ပါတယ်။ ဒီလိုဖြစ်လာတဲ့အခါ နယ်ခံအသိပညာ ဗဟုသတတွေကို ထည့်သွင်းပေါင်းစပ်ရ ပိုပြီး ခက်ခဲလာနိုင်သလို အဖွဲ့အစည်းရဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုစီမံကိန်း တွေကို ထိထိရောက်ရောက် ဖော်ဆောင်နိုင်စွမ်းလည်း အကန့်အသတ် ရှိလာနိုင်ပါတယ်။[11]
ဥပမာအားဖြင့် အရပ်ဖက် လူ့အဖွဲ့အစည်းတွေနဲ့ အလှူရှင်တွေအကြားမှာ နိုင်ငံတကာ ငြိမ်းချမ်းရေးတည်ဆောက်မှု အဖွဲ့အစည်းတွေက ကြားခံအဖွဲ့အစည်းအနေနဲ့ အောင်အောင်မြင်မြင် နေရာယူပေးနိုင်တဲ့အခါကျမှ သူတို့ရဲ့ပါဝင်ဆောင်ရွက်မှုဟာ နယ်ခံအဖွဲ့အစည်းတွေကို အကျိုးပြုလာနိုင်မှာ ဖြစ်ပါတယ်။ အဖွဲ့ငယ်လေးတွေက ရပ်ရွာနဲ့ ချိတ်ဆက်မှုအား ပိုကောင်းတယ်ဆိုပေမယ့် ဘဏ္ဍာရေး အဆောက်အအုံ အခြေခိုင်ပြီးသား သက်တမ်းရင့် CSOs တွေက ရန်ပုံငွေအထောက်အပံ့ ရလာနိုင်ခြေ ပိုများကြပါတယ်။[12] ကြားခံအနေနဲ့ ဆောင်ရွက်ကြမယ့် နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ နယ်ခံဇာတ်ကောင်တွေနဲ့ တိုက်ရိုက် ချိတ်ဆက်အလုပ်လုပ်တာမျိုးကို ရှောင်ကြည်ပြီး နယ်ခံအဖွဲ့တွေကို ဘဏ္ဍာရေး အ ထောက်အပံ့တွေ ပေးပြီး အရင်းအမြစ်တွေ ပိုလက်လှမ်းမီလာနိုင်အောင် ချိတ်ဆက် ကူညီပေးခြင်းအားဖြင့် အလှူရှင်တွေအတွက် ဘဏ္ဍာရေးနဲ့ နိုင်ငံရေးဆိုင်ရာ အရဲစွန့်ရမှု အန္တရာယ်တွေကို ပိုယူပေးနိုင်ကြပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ မိတ်ဖက် ဆောင်ရွက်ခြင်းအားဖြင့် နယ်ခံဇာတ်ကောင်တွေအပေါ် အများလက်ခံ အသိအမှတ်ပြုမှု ပိုမိုမြင့်တက်လာစေနိုင်ပြီး ငြိမ်းချမ်းရေး တည်ဆောက်မှုလုပ်ငန်းတွေကို ဖော်ဆောင်ရာမှာ ကြုံတွေ့လာရနိုင်တဲ့ နိုင်ငံရေးဆိုင်ရာ အရဲ စွန့်ရမှုအန္တရာယ်တွေကိုလည်း လျော့ပါးသက်သာ လာစေနိုင်ပါတယ်။[13]
တတိယအင်အားစုအနေနဲ့ ကြားဝင်ဖျန်ဖြေခြင်း - နိုင်ငံရေးခေါင်းဆောင်တွေ သိထားသင့်တဲ့အရာများ
တတိယ အင်အားစုအနေနဲ့ ကြားဝင်ဖျန်ဖြေမှုက ပဋိပက္ခနဲ့ သက်ဆိုင်မှုမရှိတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ နိုင်ငံတွေ သို့မဟုတ် တစ်သီးပုဂ္ဂလတွေအနေနဲ့ ပဋိပက္ခ ဇာတ်ကောင်တွေအကြား ကြားဝင်ဖျန်ဖြေပေးဖို့ ကြိုးပမ်းတဲ့အခါမျိုးမှာ ပေါ်ပေါက်လာတတ်ပါတယ်။ တတိယအင်အားစုတွေရဲ့ ကြားဝင်ဖျန်ဖြေမှုကို ခွင့်ပြုပေးသင့်သလား သို့မဟုတ် အောင် မြင်နိုင်သလား ဆိုတဲ့အပေါ် သက်ရောက်လွှမ်းမိုးနေတဲ့ အခြေအနေတွေနဲ့ မောင်းနှင်အားတွေ အများအပြား ရှိနေကြပါတယ်။ တတိယအင်အားစုတွေအနေနဲ့ ပဋိပက္ခနဲ့ပတ်သက်ပြီး သူတို့ကိုယ်ပိုင် အကျိုးစီးပွားတစ်ခုခုရှိနေတဲ့အခါမျိုးမှာ ကြားဝင်ဖျန်ဖြေဖို့ ကမ်းလှမ်းတတ်ကြပါတယ်။ သာဓကအနေနဲ့ ပဋိပက္ခဖြစ်နေတဲ့ ဒေသနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ တတိယအင်အားစုဆီမှာ လုံခြုံရေး အကျိုးစီးပွားတွေရှိနေတာ သို့မဟုတ် ဒေသတွင်းကုန်သွယ်ရေး တိုးချဲ့ဖို့ သို့မဟုတ် မြှင့်တင်ဖို့ တတိယအင်အားစုဖက်က လိုလားနေတဲ့အခါ စီးပွားရေး အကျိုးစီးပွားတွေရှိလာတာ သို့မဟုတ် ကိုယ်ကျင့်သိက္ခာပိုင်းဆိုင်ရာ အကြောင်းပြချက်နဲ့ ပဋိပက္ခကြီးကို အဆုံးသတ်စေချင်တာမျိုးကို ဆိုလိုခြင်းဖြစ်ပါတယ်။[14] စစ်ဖြစ်နေတဲ့ နိုင်ငံနဲ့ သမိုင်းအစဉ်အဆက် ဆက်ဆံရေးခိုင်မာလာခဲ့တဲ့ နိုင်ငံတွေဖက်က ကြားဝင်ဖျန်ဖြေဖို့ ကမ်းလှမ်းလာနိုင်ခြေ ပိုများလေ့ရှိတယ်ဆိုပေမယ့် ဘက်လိုက်မှာ စိုးရိမ်တာ သို့မဟုတ် အတိတ်က လုပ်ရပ်တစ်ခုခုကြောင့် စစ်ဖြစ်နေတဲ့ အင်အားစုတွေက သမိုင်းကြောင်းအရ ဆက်ဆံရေးခိုင်မာခဲ့တဲ့ နိုင်ငံတွေဆီက ကြားဝင်ဖျန်ဖြေရေး ကမ်းလှမ်းချက်တွေကို သိပ်ပြီးလက်ခံလေ့မရှိကြပါဘူး။[15]
အထူးသဖြင့် ဒီမိုကရေစီအခြေမခိုင်သေးတဲ့ အခြေအနေမှာ စေ့စပ်ညှိနှိုင်းရေးလုပ်တဲ့အခါမှာ ဂရုတစိုက်နဲ့ ခြင့်ချိန်စဉ်းစားဖို့ လိုအပ်ပါတယ်(M5.4နဲ့ ဆက်စပ်ကြည့်ပါ)။ တတိယအင်အားစုရဲ့ ကြားဝင်ဖျန်ဖြေမှုကို လက်သင့်မခံခင်မှာ နိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့ လိုက်လျောမှု တစ်ချို့လုပ်ဖို့ စိတ်ဆန္ဒရှိဖို့ လိုအပ်သလို စေ့စပ်ညှိနှိုင်းရေးစားပွဲကို လာခြင်းအားဖြင့် ဘာတွေ အကျိုးထူးလာမလဲဆိုတာကို သိမြင်နေဖို့ လိုအပ်ပါတယ်။ နိုင်ငံရေး ခေါင်းဆောင်တွေအနေနဲ့ တတိယ အင်အားစုရဲ့ ကြားဝင်ဖျန်ဖြေမှုကို လက်သင့်ခံလိုက်ပြီဆိုတာနဲ့ စေ့စပ် ညှိနှိုင်းရေးမှာ ပါဝင် ဆောင်ရွက်သွားဖို့ စိတ်လိုလက်ရ ရှိနေဖို့ လိုအပ်လာပါပြီ။ ကြားဝင် ဖျန်ဖြေမှုကို လက်သင့်ခံလိုက်တဲ့ ပဋိပက္ခ ဇာတ်ကောင်တွေဟာ တစ်ခြားရွေးချယ်စရာမရှိလို့ ဆက်လက် တိုက်ခိုက်နေတာထက်စာရင် ကြားဝင်ဖျန်ဖြေရေး ရလဒ်တွေ ပိုပြီးကောင်းနေဖို့ မျှော်လင့် တတ်ကြပါတယ်။ စစ်ဖြစ်နေတဲ့ အင်အားစုတွေဟာ သတင်းအချက်အလက်တွေ အများကြီး ချပြလိုက်ရတာက သူတို့ရဲ့ အားနည်းချက်တွေကို လှစ်ဟ ပြသလိုဖြစ်သွားပြီး သူတို့ရဲ့ ချိန်ခွင်လျှာ ညှိနိုင်စွမ်း ပျောက်ဆုံးသွားမှာကို စိုးရိမ်ပူပန်တဲ့အတွက် စေ့စပ်ညှိနှိုင်းရေး စားပွဲကိုလာဖို့ တွန့်ဆုတ် တတ်ကြပါတယ်။ ဒီလို အကြောင်းရင်းတွေ ရှိနေတဲ့အတွက် အတိုက်အခံဖြစ်နေသူတွေဟာ သတင်းထိန်ချိန်ဖို့ သို့မဟုတ် သတင်းအမှားပေးတာမျိုးတွေ လုပ်ဖို့ စိတ်ယိုင် သွားတတ်ကြပါ တယ်။[16]
တတိယ အင်အားစုအဖြစ် ကြားဝင် ဖျန်ဖြေကြသူတွေအနေနဲ့ ဒီလိုသတင်းအမှားပေးဖို့ စိတ်ယိုင်သွားတာမျိုးကို ရင်ဆိုင် ကျော်လွှားနိုင်အောင် ပံ့ပိုး ကူညီပေးနိုင်ပါတယ်။ ကြားဝင်ဖျန်ဖြေသူက ပဋိပက္ခကို တုတ်ထိုးအိုးပေါက် နားလည်သဘောပေါက်နေတဲ့အခါမျိုးမှာ တတိယ အင်အားစုအဖြစ် ကြားဝင်ဖျန်ဖြေမှု အောင်မြင်လာနိုင်ခြေ ပိုများလာတတ်ပါတယ်။ ပဋိ ပက္ခသမိုင်းကြောင်းနဲ့ ကြားဝင်ဖျန်ဖြေရေးမှာ ပါဝင်နေသူတွေကို ကောင်းကောင်း နားလည် သဘောပေါက်နေတာက ကြားဝင်ဖျန်ဖြေသူတွေအနေနဲ့ ပဋိပက္ခ ဇာတ်ကောင်တွေ ထုတ်ဖော် ပြောဆိုတဲ့အရာတွေက ရိုးရိုးသားသားပြောနေတာ ဟုတ်မဟုတ် ဆန်းစစ်နိုင်အောင် အထောက်အကူ ပြုပါလိမ့်မယ်။[17] ကြားဝင် ဖျန်ဖြေသူတွေအနေနဲ့ ပြောဆိုသွားတဲ့ သတင်း အချက်အလက်တွေ ခိုင်မာတိကျမှု မရှိဘူးလို့ သုံးသပ်ယူဆမိခဲ့ရင် ပြောသွားသူကို ပြန်လှန် မေးခွန်းထုတ် စုံစမ်းစစ်ဆေးတာမျိုးလုပ်ပြီး ပြောသွားတဲ့ဖက်ကို တာဝန်ခံခိုင်း နိုင်ပါတယ်။ ပဋိပက္ခ ဇာတ်ကောင်တွေအနေနဲ့ ကိုယ်ပြောတာတွေက မှန်ကန်မှုရှိကြောင်း တာဝန်ခံရမယ် ဆိုတာကို သိထားကြတဲ့အခါ တစ်ဖက်အင်အားစုတွေကလည်း အလားတူ စံချိန်စံနှုန်းနဲ့အညီ တာဝန်ခံရလိမ့်မယ်ဆိုတာ သိသွားကြပါလိမ့်မယ်။ ရလဒ်အနေနဲ့ ကြားဝင်ဖျန်ဖြေရေး လုပ်ငန်းစဉ်ထဲမှာ ပါဝင်နေကြတဲ့ ပဋိပက္ခ ဇာတ်ကောင်တွေကို တစ်ဖက် အတိုက်အခံအင်အားစုနဲ့ ပတ်သက်ပြီး သူတို့လက်ခံရရှိတဲ့ သတင်းအချက်အလက်တွေက မှန်ကန်မှုရှိတယ်ဆိုတာကို လက်ခံ ယုံကြည်လာနိုင်စေပါတယ်။
အလှူရှင်များနှင့် လုပ်ကိုင်ခြင်း - နိုင်ငံရေး၊ အာဏာနှင့် အခြေခံမူများ
အလှူရှင်တွေဆီမှာ သူတို့ကိုလှူဒါန်းဖြစ်အောင် စေ့ဆော်ပေးနေတဲ့ မဟာဗျူဟာတွေ၊ နိုင်ငံရေး သို့မဟုတ် စီးပွားရေးအကျိုးစီးပွားတွေ ရှိနေတတ်ကြပါတယ်။ ဒါကို သိမြင်နားလည်နေဖို့ အရေးကြီးတဲ့အတွက် သူတို့နဲ့ မိတ်ဖက် ဆောင်ရွက်မှုတွေမလုပ်ခင် ဒီပဋိပက္ခထဲမှာ အလှူရှင်တွေရဲ့ ဘယ်လိုအကျိုးစီးပွားတွေ ပါဝင်နေကြသလဲဆိုတာကို ဆန်းစစ်သုံး သပ်ကြည့်ဖို့ လိုအပ်ပါတယ်။ အလှူရှင်တွေကို စေ့ဆော်ပေးနေတဲ့ သာဓကတွေထဲမှာ ဒီဒေသအတွင်း သူတို့ရဲ့ နိုင်ငံရေး ဩဇာဖြန့်ကျက်ချင်တာ သို့မဟုတ် လှူဒါန်းမှုကနေတစ်ဆင့် သူတို့ရဲ့အကျိုးစီးပွားနဲ့ ကိုက်ညီတဲ့ မူဝါဒပြုပြင်ပြောင်းလဲရေးတွေ အသက်ဝင်လာအောင် ချိန်ခွင်လျှာ ညှိချင်တာမျိုးတွေ ပါဝင်လာနိုင်ပါတယ်။ စီးပွားရေးအရ စေ့ဆော်မှုထဲမှာ အလှူရှင်ကို အကျိုးရှိလာစေမယ့် ကုန်သွယ်မှုတွေကို တိုးပွားမြင့်တက်လာစေတဲ့ တံခါးဖွင့်စျေးကွက်တွေလည်း ပါဝင်နေနိုင်ပါတယ်။ အချို့သောလှူဒါန်းမှုတွေကို ပဋိပက္ခအခြေအနေ လျော့ပါးသက်သာလာစေပြီး အသက်တွေကို ကယ် ဆယ်ပေးမယ့် လူသားချင်းစာနာထောက်ထားရေး ရှုထောင့်ကနေ ပေးအပ်တာမျိုးတွေလည်း ရှိနေတတ်ပါတယ်။[18] နှစ်ဖက်စလုံးကို အကျိုးရှိစေမယ့် မိတ်ဖက်ဆောင်ရွက်မှုကို ဖန်တီးနိုင်ဖို့ဆိုရင် ဘယ်လို မျှော်မှန်းချက်တွေနဲ့ စည်းကမ်းချက်တွေကို လိုက်နာဖို့ လိုအပ်သလဲဆိုတာ ရှင်းရှင်းလင်းလင်းဖြစ်အောင် အလှူရှင်နဲ့ လက်ခံသူအကြား ပွင့်လင်းမြင်သာမှုရှိတဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေ ဖွင့်ထားဖို့လိုအပ်ပါတယ်။ ဒါပေမယ့် ပဋိပက္ခ ဇာတ်ကောင်တွေအနေနဲ့ အလှူရှင် တွေနဲ့ လက်တွဲအလုပ်လုပ်ခြင်းအားဖြင့် ဘာတွေ အကျိုးဖြစ်ထွန်းမှုရှိမလဲဆိုတာ ရှင်းရှင်းလင်းလင်း သိနေအောင် ဂရုတစိုက်စဉ်းစားဆုံးဖြတ်ဖို့ လိုအပ်နေဆဲဖြစ်ပါတယ်။
ပေးအပ်လာတဲ့ အကူအညီတွေ ထိရောက်မှု ရှိမရှိဆိုတာကို အများအားဖြင့် စီးပွားရေးတိုးတက်မှုနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလို စီးပွားရေးညွှန်းကိန်းတွေကို သုံးပြီး ဆန်းစစ် အကဲဖြတ်လေ့ ရှိပါတယ်။ ဒါက ပဋိပက္ခရဲ့ ပိုပြီးကျယ်ပြန့်တဲ့ ရေခံမြေခံ အခင်းအကျင်း၊ အာဏာချိန်ခွင်လျှာ အလှည့်အပြောင်းတွေနဲ့ ဆက်ဖြစ်နေတဲ့ အကြမ်းဖက်မှုရဲ့ ရိုက်ခတ်မှုတွေကို ထိုက်သင့်သလောက် အာရုံစိုက်ထားခြင်း မရှိတဲ့အတွက် လှေထိုးကြီး ရိုးရိုးလိုက်လွန်းတဲ့ အရဲစွန့်ရမှုအန္တရာယ်ကို ပေါ် ပေါက်လာစေပါတယ်။ လှေထိုးကြီးရိုးရိုးလိုက်လွန်းတာက ပဋိပက္ခကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိတဲ့ အလှူရှင် စီမံကိန်းတွေအဖြစ် ခရီးဆုံး သွားစေနိုင်ပါတယ်။ တစ်ချိန်ထဲမှာ ပဋိပက္ခအလှည့်အပြောင်းတွေနဲ့ ပတ်သက်ဆက်နွယ်မှုမရှိခြင်းက ပဋိပက္ခရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို တာဝန်ခံစရာမလိုဘဲ အလှူရှင်တွေကို ဒေသတွင်းမှာ ဆက်ပြီး ဩဇာလွှမ်းမိုးနိုင်အောင် အထောက်အကူပြုပေးပါတယ်။[19] အလှူရှင် စီမံကိန်းတွေက နိုင်ငံရေးဇာတ် ကောင်တွေ သို့မဟုတ် အာဏာချိန်ခွင်လျှာ အလှည့်အပြောင်းတွေနဲ့ တိုက်ရိုက် ပတ်သက်ဆက်နွယ်မှု မရှိဘူးဆိုရင်တောင် သူတို့ရဲ့ တည်ရှိနေမှုက ပဋိပက္ခ အခင်းအကျင်းအပေါ် လွှမ်းမိုးမှု ရှိနေဆဲဖြစ်ပါတယ်။ နယ်ခံဖွံ့ဖြိုးရေး စီမံကိန်းတွေကို လောင်းရိပ်မိစေခြင်းအားဖြင့် အလှူရှင် စီမံကိန်းတွေက ဒေသစီးပွားရေးအပေါ် မကောင်းတဲ့ပုံစံနဲ့ ဩဇာလွှမ်းမိုးသွားတဲ့ သာဓကတွေ အများကြီးရှိနေပါတယ်။[20]
အလှူရှင်တွေနဲ့ လက်တွဲ အလုပ်လုပ်ရာမှာ နောက်ထပ် ထည့်သွင်းစဉ်းစားဖို့ အရေးကြီးတဲ့ အရာတစ်ခုကတော့ အလှူရှင်တွေက စီမံကိန်းကို ရန်ပုံငွေ ထောက်ပံ့နေတာကို ရုတ်တရပ် ရပ်တန့်လိုက်ရင် ဘာတွေဖြစ်လာနိုင်မလဲဆိုတာကို မဟာဗျူဟာကျကျ စဉ်းစားပြင်ဆင်ထားဖို့ လိုအပ်ခြင်းဖြစ်ပါတယ်။ USAID ရုတ်တရက်ဖျက်သိမ်းလိုက်တဲ့ လတ်တလော သာဓကက အလှူရှင်ကြီးတစ်ဦး ဆုံးရှုံးသွားတဲ့အခါ ဘယ်လောက်ထိခိုက်နစ်နာမှု ကြီးမားသလဲဆိုတာကို ရှင်းရှင်းလင်းလင်း သက်သေပြနေပါတယ်။ အလှုရှင်တွေအပေါ် မှီခိုအားထားရမှုကို မဟာဗျူဟာကျကျ စီမံခန့်ခွဲနိုင်ဖို့ အလှူရှင်ပေါင်းများစွာနဲ့ လက်တွဲ အလုပ်လုပ်တာက ပိုပြီး ခုသာခံသာ ရှိလာစေနိုင်ပါတယ်။ အပိုင်းပိုင်းပြန့်ကျဲနေတဲ့ အလှူငွေတွေကို စီမံခန့်ခွဲရတဲ့ အားနည်းချက်အနေနဲ့ အုပ်ချုပ်စီမံရေး အလုပ်တွေအပေါ် ဝန်ပိလာစေနိုင်ပြီး နယ်ခံဇာတ်ကောင်တွေ နဲ့ အဖွဲ့အစည်းတွေကို ခြေကုန်လက်ပန်း ကျသွားစေနိုင်ပါတယ်။ အလှူရှင်တစ်ဖွဲ့နဲ့ နောက်တစ်ဖွဲ့ရဲ့ စည်းကမ်းသတ်မှတ်ချက်တွေနဲ့ လိုအပ်ချက်တွေက မတူညီနိုင်တဲ့အတွက် သူတို့တစ်ဦးချင်းရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်မဖြည့်ဆည်းနိုင်တော့တဲ့အခါ အလှူရှင်စီမံကိန်းတွေရဲ့ ထိရောက်မှု အားနည်းသွားတာမျိုး ဖြစ်လာနိုင်ပါတယ်။ ကိုယ့်ဒေသအတွင်းမှာ လှုပ်ရှားနေကြတဲ့ အလှူရှင်တွေ အရမ်းများနေမယ်ဆိုရင် အကူအညီတွေ ထပ်သွားနိုင်တဲ့ အလားအလာနဲ့ နယ်ခံစွမ်းဆောင်ရည် ပျောက်ဆုံးမှုတွေ မြင့်တက်လာနိုင်ပါတယ်။[21] အလှူရှင်ပေါင်းများစွာနဲ့ အလုပ်လုပ်ရတဲ့အခါမှာ သူတို့တစ်ဦးချင်းကို သီးခြားစီ ထိတွေ့ဆက်ဆံတာထက် သူတို့အချင်းချင်းပေါင်းပြီး လက်တွဲ အလုပ်လုပ်နိုင်စေဖို့ နည်းလမ်းရှာတာက ပါးနပ်တဲ့ စဉ်းစားပြင်ဆင်မှု ဖြစ်ပါတယ်။ ဒါက ဘယ်အလှူရှင်ရဲ့ လှူဒါန်းမှု အဆုံးသတ်သွားရင် တစ်ခြားဘယ် အလှူရှင်တွေရဲ့ အထောက်အပံ့တွေနဲ့ ဆက်စခန်းသွားရမလဲဆိုတာကို သိမြင်နားလည်လာစေပြီး ရန်ပုံငွေစီးဆင်းမှု အလားအလာကို ခိုင်မာသေချာစေတဲ့အတွက် အပိုင်းပိုင်းပြန့်ကျဲနေတဲ့ လှူဒါန်းမှုတွေကို စီမံခန့်ခွဲရတဲ့ အားနည်းချက်ကို ရင်ဆိုင်ကျော်လွှားတဲ့နေရာမှာ အများကြီး အကူအညီ ဖြစ်လာစေနိုင်ပါတယ်။
[1] Badache, F., Hellmüller, S., & Salaymeh, B. (2022). Conflict management or conflict resolution: How do major powers conceive the role of the United Nations in peacebuilding? Contemporary Security Policy, 43(4).
[2] Badache, F., Hellmüller, S., & Salaymeh, B. (2022). Conflict management or conflict resolution: How do major powers conceive the role of the United Nations in peacebuilding? Contemporary Security Policy, 43(4).
[3] Torrent, I. (2022). Scrutinising UN peacebuilding: Entangled peace and its limits. Peacebuilding, 10(3).
[4] Morada, N. M., & Caballero-Anthony, M. (2023). Introduction to the Special Issue: Re-imagining ASEAN and the Quest for Peace—Challenges and Prospects for Peacebuilding, Conflict Prevention, and Atrocities Prevention. Journal of International Peacekeeping, 26(2).
[5] Morada, N. M., & Caballero-Anthony, M. (2023). Introduction to the Special Issue: Re-imagining ASEAN and the Quest for Peace—Challenges and Prospects for Peacebuilding, Conflict Prevention, and Atrocities Prevention. Journal of International Peacekeeping, 26(2).
[6] Saravanamuttu, J. (2025). The Myanmar crisis: Interrogating the limits of ASEAN’s constructive engagement and new pathways to peace. AEI-Insights: An International Journal of Asia-Europe Relations, 10(1).
[7] Saravanamuttu, J. (2025). The Myanmar crisis: Interrogating the limits of ASEAN’s constructive engagement and new pathways to peace. AEI-Insights: An International Journal of Asia-Europe Relations, 10(1).
[8] von Billerbeck, S., Coleman, K. P., Eckhard, S., & Zyla, B. (2024). Local knowledges in international peacebuilding: Acquisition, filtering, and systematic bias. International Studies Review, 26(4).
[9] von Billerbeck, S., Coleman, K. P., Eckhard, S., & Zyla, B. (2024). Local knowledges in international peacebuilding: Acquisition, filtering, and systematic bias. International Studies Review, 26(4).
[10] von Billerbeck, S., Coleman, K. P., Eckhard, S., & Zyla, B. (2024). Local knowledges in international peacebuilding: Acquisition, filtering, and systematic bias. International Studies Review, 26(4).
[11] Bath, C., & Gamaghelyan, P. (2024). Benefits and challenges of institutionalizing peacebuilding and activism in a post-liberal world. International Negotiation, 29(1).
[12] Lilja, J., & Höglund, K. (2018). The role of the external in local peacebuilding: Enabling action—Managing risk. Global Governance, 24(4).
[13] Lilja, J., & Höglund, K. (2018). The role of the external in local peacebuilding: Enabling action—Managing risk. Global Governance, 24(4).
[14] Greig, J. M., & Regan, P. M. (2008). When do they say yes? An analysis of the willingness to offer and accept mediation in civil wars. International Studies Quarterly, 52(4).
[15] Greig, J. M., & Regan, P. M. (2008). When do they say yes? An analysis of the willingness to offer and accept mediation in civil wars. International Studies Quarterly, 52(4).
[16] Greig, J. M., & Regan, P. M. (2008). When do they say yes? An analysis of the willingness to offer and accept mediation in civil wars. International Studies Quarterly, 52(4).
[17] Wiegand, K., Rowland, E., & Keels, E. (2020). Third-party knowledge and success in civil war mediation. The British Journal of Politics and International Relations, 22(4).
[18] Gutting, R., & Steinwand, M. C. (2020). Donor fragmentation, aid shocks, and violent political conflict. Journal of Peace Research, 57(5).
[19] Taghdisi Rad, S. (2015). Political economy of aid in conflict: An analysis of pre- and post-Intifada donor behaviour in the Occupied Palestinian Territories. Stability: International Journal of Security & Development, 4(1).
[20] Taghdisi Rad, S. (2015). Political economy of aid in conflict: An analysis of pre- and post-Intifada donor behaviour in the Occupied Palestinian Territories. Stability: International Journal of Security & Development, 4(1), 22, 1–18.
[21] Gutting, R., & Steinwand, M. C. (2020). Donor fragmentation, aid shocks, and violent political conflict. Journal of Peace Research, 57(5).