ခေါင်းစဉ်များ > နိုင်ငံရေးအတွေးအမြင်များ > ဒီမိုကရေစီ၏အင်္ဂါရပ်များ - တရားဥပဒေစိုးမိုးရေး
ဒီမိုကရေစီ၏အင်္ဂါရပ်များ - တရားဥပဒေစိုးမိုးရေး
2022-08-29
ဒီမိုကရေစီစနစ်အလုပ်ဖြစ်မြောက်ရန် အစိုးရနှင့် နိုင်ငံသားများသည် ‘တရားဥပဒေစိုးမိုးရေး’ကို လေးစားကြရန်လို သည်။ တရားဥပဒေစိုးမိုးရေးဟူသည် ဥပဒေကို တန်းတူညီစွာ၊ မျှတစွာ၊ အကြောင်းအကျိုးလျော်ညီစွာ ပြဋ္ဌာန်းရမည် ဟုအဓိပ္ပာယ်ရသည်။ ဒီမိုကရေစီစနစ်တစ်ရပ်တွင် တရားဥပဒေစိုးမိုးရေးနှင့်စပ်လျဉ်း၍အရေးပါသော အသွင်အပြင် သုံးရပ်ရှိသည်။
- ဥပဒေအထက်တွင် မည်သူမျှမရှိစေရ
- လူတိုင်း ဥပဒေကို လေးစားလိုက်နာရမည်
- ဥပဒေရှေ့မှောက်တွင် လူတိုင်းတန်းတူရှိသည်
ဥပဒေအထက်တွင် မည်သူမျှမရှိစေရ
တရားဥပဒေစိုးမိုးရေးဟူသည် ဥပဒေအထက်တွင် မည်သူမျှမရှိစေရဟု အဓိပ္ပာယ်ရသည်။မည်သူမျှဆိုသည့် စကားရပ် တွင် သမ္မတ၊ ဝန်ကြီးများနှင့် အစိုးရဝန်ထမ်းများလည်း ပါဝင်သည်။ ဒီမိုကရေစီစနစ်တွင် အစိုးရသည် စိတ်ထင်တိုင်း လုပ်၍မရနိုင်ပါ။
ဒီမိုကရေစီနိုင်ငံတွင် ပြည်သူအများသည် အစိုးရကို ၎င်းတို့ကိုယ်စားအုပ်ချုပ်ရန်အာဏာကို အပ်နှင်းသဘော တူထား ကြသည်။ အဆိုပါသဘောတူညီချက်၏အစိတ်အပိုင်းအဖြစ် အစိုးရသည် အာဏာကို ဥပဒေက ချမှတ်ထားသောအ ကန့်အသတ်များအတွင်း၌ ကျင့်သုံးရမည်ဖြစ်သည်။
လူတိုင်း ဥပဒေကို လေးစားလိုက်နာရမည်
တရားဥပဒေစိုးမိုးရေး၏အခြေခံသဘောတရားမှာ ဥပဒေသည် လူတိုင်းအတွက် သက်ဝင်သည်ဟူသောအဓိပ္ပာယ်ဖြစ် သည်။လူတိုင်းဆိုသောစကားရပ်တွင် အစိုးရ၊ စစ်တပ်၊ ရဲအရာရှိ၊ တရားသူကြီးများသာမက သာမန်နိုင်ငံသားများလည်း ပါဝင်သည်။ လူတစ်ဦးသည် ဩဇာအလွန်ကြီးမားသည်ဖြစ်စေ၊ ချမ်းသာကြွယ်၀သည်ဖြစ်စေ ဥပဒေကို လေးစားလိုက် နာရမည်ဖြစ်သည်။
ဥပဒေရှေ့မှောက်တွင် လူတိုင်းတန်းတူရှိသည်
တရားဥပဒေစိုးမိုးရေး၏အခြေခံသဘောတရားမှာ လူတိုင်းသည် ဥပဒေအောက်တွင် တန်းတူရှိသည်ဟူသော အဓိပ္ပာယ် ဖြစ်သည်။တန်းတူညီမျှမှုကို နည်းလမ်းနှစ်သွယ်ဖြင့် တွေ့နိုင်သည်။
ပထမနည်းလမ်းမှာ လူတိုင်းလူတိုင်းသည် တူညီသောစည်းမျဉ်းဥပဒေများကို လိုက်နာရမည်ဖြစ်သလို ဥပဒေကိုချိုး ဖောက်သည့်အခါတွင်လည်း တူညီသောပြစ်ဒဏ်ကို လူတိုင်းကျခံရမည်ဖြစ်သည်။ ဥပဒေချိုးဖောက်သူသည် ဆင်းရဲသူ ဖြစ်စေ၊ ချမ်းသာသူဖြစ်စေ တူညီသောပြစ်ဒဏ်ကို ကျခံရမည်။ ဥပမာ ခိုးမှုအတွက် ထောင်ဒဏ်ငါးနှစ်ဟု ပြစ်ဒဏ် သတ်မှတ်ထားပါက ထိုပြစ်ဒဏ်သည် လူတိုင်းအတွက် ကျင့်သုံးရမည်ဖြစ်သည်။
တရားဥပဒေစိုးမိုးရေးကို အောက်ပါပုံစံများဖြင့် တွေ့နိုင်သည်။
- ခေါင်းဆောင်များနှင့် အစိုးရဝန်ထမ်းများ၏ဆောင်ရွက်ချက်များကို ဥပဒေဖြင့်ကန့်သတ်ထားသည်။
- တရားဥပဒေစိုးမိုးရေးသည် နိုင်ငံသားများကို ရာဇဝတ်မှုများ၊ အနိုင်ကျင့်စော်ကားမှုများ၊ အကြမ်းဖက်မှုများမှ ကာကွယ်ပေးသည်။
- မည်သည့်နိုင်ငံသားမှ အခွင့်အရေး(သို့မဟုတ်) ရပိုင်ခွင့်များကို ပိုမိုခံစားရရှိခြင်းမရှိစေရပါ။
- ဆင်းရဲ၊ ချမ်းသာမခွဲခြားဘဲ ဥပဒေသည် နိုင်ငံသားအားလုံးကို တန်းတူညီမျှစွာ ဆက်ဆံသည်။
- နိုင်ငံသားတစ်ဦး ဥပဒေချိုးဖောက်သည့်အခါ သတ်မှတ်ထားသော စည်းမျဉ်းဥပဒေများနှင့်အညီ စီရင်ခံရမည်။ (McLaughlin 2015: 30-53)